ဗြိတိန်ကျောရိုးနဲ့ အာဆင်နယ်အသင်းကို မြင်တွေ့ရတော့မလား

Football Insider ရဲ့ သုံးသပ်သူ နိုဝယ် ဝှီလန်က အာဆင်နယ်အသင်းဟာ အသင်းရဲ့ အမာခံကစားသမားအစုအဖွဲ့ကို ဗြိတိန်အခြေစိုက် ကစားသမားတွေကို အခြေခံပြီး တည်ဆောက်နေတယ်လို့ ထောက်ပြပြောဆိုသွားပါတယ်။

ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်က ဖော်ပြထားတဲ့ အာဆင်နယ်အသင်းရဲ့ တရားဝင်လူစာရင်း ၂၈ ဦးမှာ ဗြိတိန်ကျွန်းစုအခြေစိုက်ကစားသမား ၁၁ ဦး (အင်္ဂလိပ် ၁၀၊ စကော့တလန် ၁) ပါဝင်နေပြီး အသင်းရဲ့ ပထမပွဲထွက် ၁၁ ယောက်မှာဆိုရင်လည်း အင်္ဂလိပ်ကစားသမား ၅ ဦးအထိ ပါဝင်နေပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုဝန်းကျင်တုန်းက တစ်သင်းလုံးမှာ ဗြိတိန်ဖွားကစားသမား ၁ ဦးသာပါဝင်တဲ့အထိ ဖြစ်ခဲ့ဖူးတဲ့ အာဆင်နယ်အသင်းအတွက်ကတော့ ခုအနေအထားဟာ အတော်လေးထူးခြားတဲ့ အခြေအနေပါ။

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့လှုပ်ရှားမှုတွေမှာလည်း ဗြိတိန်အခြေစိုက်ကစားသမားတွေကို ပိုမိုပစ်မှတ်ထားလာနေပါတယ်။ လာမယ့် ဇန်ဝါရီအပြောင်းအရွှေ့ကာလမှာ ဒိုမီနစ် ကယ်လ်ဗက်-လီဝင်၊ အိုလီ ဝက်ကင်စ်၊ တော့ ကန့်ဝဲလ်စတဲ့ အင်္ဂလိပ်ကစားသမားတွေကို ပစ်မှတ်ထားနေသလို ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း ဂျိမ်းစ် မက်ဒီဆင်၊ အာရွမ် မက်ဇ်ဝဲလ်၊ တာရစ် လမ်ပ်တေး၊ တင်မီ အေဗရာဟမ်တို့ကို ပစ်မှတ်ထားခဲ့ဖူးပါသေးတာပါ။ ဒါ့အပြင် အာဆင်နယ်အသင်း နွေရာသီတုန်းက ခေါ်ယူခဲ့တဲ့ ကစားသမားသစ် ၆ ဦးမှာလည်း အင်္ဂလန်လက်ရွေးစင်ကစားသမား ၂ ဦးအထိ ပါဝင်နေခဲ့ပါတယ်။

ဂန်းနားတွေရဲ့ ခုလိုမျိုးပြုမူဆောင်ရွက်နေမှုတွေကြောင့် အာဆင်နယ်အသင်းဟာ တချိန်က အာဆင်းဝင်းဂါး ပြင်သစ်ကစားသမားတစ်သိုက်နဲ့ အသင်းကိုတည်ဆောက်ခဲ့သလိုမျိုး ခုချိန်မှာလည်း ဗြိတိန်ကစားသမားတွေကို အခြေပြုပြီး အသင်းကို တည်ဆောက်ဖို့ ကြံရွယ်နေပြီဖြစ်တယ်လို့ ဝှီလန်က မှတ်ချက်ပြုသွားတာပါ။

“သူတို့က ငယ်ရွယ်ပြီး တောင့်တင်းမှုရှိတဲ့ ဗြိတိသျှတစ်သိုက်နဲ့ အသင်းကို တည်ဆောက်ဖို့ ကြိုးပမ်းနေတာပါ။ ကွင်းလယ်မှာဆို အဓိက အားပြုကစားနေတာက စမစ်-ရိုးနဲ့ ဆာကာကိုပါ။ နောက်တန်းမှာ ဘန်ဝှိုက်ကို ခေါ်ထားပါတယ်။ နောက်ထပ် ဗြိတိန်ကစားသမားတွေကိုလည်း ထပ်ပြီးပစ်မှတ်ထားနေပါသေးတယ်။ သူတို့တည်ဆောက်နေတဲ့ အခြေခံအုတ်မြစ်ကို ခင်ဗျားတို့ မြင်နိုင်ကြတယ်မဟုတ်လား။ ဒီလိဂ်အကြောင်း၊ ဒီနိုင်ငံနဲ့ ဒီယဉ်ကျေးမှုအကြောင်း ကောင်းကောင်းသိသူတွေကို မှီတည်ပြီး အသင်းရဲ့အားနည်းချက်တွေကို ဖာထေးဖို့ စီစဉ်တာပါ။ ဒီအချက်ကလည်း အာတီတာကို ယုံကြည်သင့်ရတဲ့အချက်တွေထဲက တစ်ခုလို့ ကျွန်တော်တော့မြင်ပါတယ်။ သူက အသင်းရဲ့ ဘယ်နေရာတွေကို တောင့်တင်းအောင် ပြင်ဆင်ရမလဲဆိုတာကို မြင်နိုင်သူပါ” လို့ သူက Football Insider ကို ပြောသွားတာပါ။

Football Insider ကတော့ အာဆင်နယ်အသင်းရဲ့ ဟေးလ်အန့်ဒ်အကယ်ဒမီကနေ နောက်ထပ်ထွက်ပေါ်လာဦးမယ့် ဗြိတိန်ဖွားလူငယ်တွေလည်း အမြောက်အများရှိနေသေးတာမို့ အနာဂတ်ကာလမှာ ဒေသတွင်းကစားသမားတွေကို အားပြုတည်ဆောက်ထားတဲ့ အာဆင်နယ်အသင်းကို မြင်တွေ့ရဖို့ သေချာနေပြီလို့ သုံးသပ်ဖော်ပြသွားပါတယ်။

Source: Football Insider

Leave a Reply