
ပရီးမီးယားလိဂ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ premierleague.com က ဘန်လေနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ အူဘာမီယန်းတစ်ယောက် သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းကောင်းကို ဆက်လက်ထိမ်းသိမ်းပြီး ကျဆင်းနေတဲ့ သူ့ရဲ့ဂိုးသွင်းနှုန်းကိုပါ ပိုမိုမြင့်မားလာအောင် စွမ်းဆောင်နိုင်မလားလို့ မေးခွန်းထုတ်လိုက်ပါတယယ်။
အာဆင်နယ်အသင်းဟာ ကစားပုံမာကျောတဲ့ ဘန်လေအသင်းနဲ့ရင်ဆိုင်တိုင်း ကစားရခက်ခဲတတ်ပေမယ့် သူတို့ရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပီယာရီ-အမ်းမရစ် အူဘာမီယန်းကတော့ အဆိုပါအသင်းနဲ့တွေ့ဆုံတွဲပွဲစဉ်တိုင်းမှာ ဂိုးမြူးတတ်တာက ထူးခြားတဲ့အချက်တစ်ချက်ပါ။

အူဘာမီယန်းဟာ အာဆင်နယ်ကစားသမားဘဝ သက်တမ်းတစ်လျှောက်မှာ ဘန်လေအသင်းနဲ့ ၇ ကြိမ်ရင်ဆိုင်ခဲ့ပြီး ၈ ဂိုးသွင်းယူထားပါတယ်။ ဒါဟာ ဒေါ့မွန်ကစားသမားဘဝတုန်းက ဟမ်းဘတ်ကို ၈ ဂိုးသွင်းယူနိုင်ခဲ့တာပြီးရင် အသင်းတစ်သင်းတည်းကို အများဆုံးဂိုးသွင်းယူထားတာပါပဲ။
ဒါ့အပြင် အူဘာမီယန်းအနေနဲ့ ဟမ်းဘတ်နဲ့တုန်းက သွင်းယူထားတဲ့ ၉ ဂိုးဆိုတဲ့ မှတ်တမ်းကိုလည်း ချိုးဖြတ်နိုင်ဖို့ အခွင့်အလမ်းရှိနေပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ယခုနှစ်ရာသီမှာ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်မှာ ၂ ကြိမ်ရင်ဆိုင်ရမှာဖြစ်ပြီးတော့ ယခုနှစ်ရာသီအတွင်း ပြိုင်ပွဲစုံနောက်ဆုံးကစားထားတဲ့ ၃ ပွဲမှာ ၄ ဂိုးသွင်းယူထားတဲ့ အူဘာမီယန်းတစ်ယောက် ဟက်ထရစ်သွင်းဂိုးတွေသာ သွင်းယူနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့စံချိန်ဟောင်းကို ယခုတစ်ပတ်ပွဲစဉ်မှာတင် ချိုးဖြတ်နိုင်မယ့် အခွင့်အလမ်းပါ ရှိနေတာပါ။

ဒီထက်ပိုပြီး အလေးအနက်ထားရမယ့် ကိစ္စကတော့ ဘန်လေနဲ့ပွဲစဉ်မှာသာ အူဘာမီယန်းတစ်ယောက် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့မယ်ဆိုရင် ဂိုးသွင်းရှိန်လည်း ပိုမိုရလာမှာဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရှာဖွေရာမှာလည်း ပိုမိုအခွင့်အလမ်းကောင်းလာမှာဖြစ်တယ်လို့ သုံးသပ်ခံနေရပါတယ်။
အသက် ၃၂ နှစ်ရွယ်ရှိပြီဖြစ်တဲ့ အူဘာမီယန်းဟာ အာဆင်နယ်အသင်းအတွက် ၁၅၂ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၈၉ ဂိုးသွင်းယူပေးထားကာ အဆိုပါသွင်းဂိုးတွေထဲမှာ ပရီးမီးယားလိဂ်သွင်းဂိုးက ၆၅ ဂိုးဖြစ်ပါတယ်။
Source: Premier League