
ပရီးမီးယားလိဂ် ဂန္တဝင်ဟောင်းတွေဖြစ်ကြတဲ့ ဂရေမီ ဆောင်းနက်စ်နဲ့ ရွိုင်း ကိန်းတို့ကတော့ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ဘန်လေအသင်းဆီကနေ တစ်ချို့သော အချက်တွေကို လေ့လာသင်ခန်းစာယူသင့်တယ်လို့ ပြောဆိုလိုက်ကြပါတယ်။
ဝါရင့်ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီးတွေကတော့ အာဆင်နယ်အသင်းက ကစားသမားတွေအနေနဲ့ ဘန်လေကစားသမားတွေရဲ့ ခံစစ်ကို စိတ်နှစ်ကစားနိုင်စွမ်းနဲ့ ရေကုန်ရေခမ်းကြိုးစားအားထုတ်ပုံတွေကို အတုယူသင့်တယ်လို့ အကြံပြုခဲ့ကြတာပါ။

“သူတို့ရဲ့ ကစားဟန်က သိပ်ကို မာကျောခက်ထန်ပါတယ်။ ရုတ်တရက်ဆိုရင်တော့ ရုပ်ဆိုးတယ်၊ မြင်မကောင်းဘူးလို့ ထင်ချင်စရာပါ။ ဒါပေမယ့် သူတို့ရဲ့ ခံစစ်ကစားပုံကို ကြည့်ပါ။ အာဆင်နယ်နဲ့ ဘာများကွာခြားနေသလဲဆိုတာကို မြင်ပါလိမ့်မယ်။ အာဆင်နယ်သာဆိုရင် ပြိုင်ဘက်ကို မလွတ်တမ်းဖမ်းဆွဲထားဖို့ ရှက်ရွံ့နေပါလိမ့်မယ်။ ဒါပေမယ့် ဘန်လေအသင်းသားတွေက အရိုးကြေကြေ အရေခမ်းခမ်း ခုခံကာကွယ်ကြတာပါ။ ဒါ အာဆင်နယ်အသင်း ယူသင့်တဲ့ သင်ခန်းစာပါပဲ” လို့ ဂရေမီ ဆောင်းနက်စ်က ဆိုသွားခဲ့ပါတယ်။
Sky Sports ရဲ့ သုံးသပ်သူ ရွိုင်းကိန်းကလည်း ဆောင်းနက်စ်ရဲ့ ပြောဆိုချက်ကို ထောက်ခံစကားဆိုခဲ့ပြီး အာဆင်နယ်နည်းပြ မီခယ် အာတီတာအနေနဲ့ ဘန်လေနည်းပြ ရှောင်ဒိုက်ချ်ဆီကနေ အသင်းသားတွေကို စုစည်းနိုင်စွမ်းနဲ့ပတ်သက်ပြီး လေ့လာသင်ခန်းစာယူသင့်တယ်လို့ ဆိုသွားခဲ့ပါတယ်။

“ဘန်လေက ဘန်လေပါပဲ။ သူတို့ကို ဘယ်သူမှ ပြောင်းလဲလို့မရပါဘူး။ အင်အားခြင်းမယှဉ်သာလို့ အရေးနိမ့်သွားတာသာရှိပါလိမ့်မယ် သူတို့ရဲ့ စိတ်ဓာတ်ကတော့ မပြောင်းလဲပါဘူး။ ရှောင်ဒိုက်ချ်က ဒီအသင်းမှာ အခြေခံကောင်းတွေ တည်ဆောက်နိုင်ခဲ့တာပါ။ သူတို့ကစားပုံက ကြည့်လို့မလှပေမယ့် အသင်းသားတွေဟာ အသင်းအတွက် ကောင်းကောင်းပေးဆပ် ကစားကြပါတယ်။ ဒါကြောင့်လည်း သူတို့မှာရှိတဲ့ အင်အားလေးနဲ့ ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်နိုင်နေတာပါ” လို့ ကိန်းက ဆိုခဲ့တာပါ။
လက်တလောမှာတော့ ဘန်လေအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲကစားပြီးချိန်မှာ ၂ ပွဲရှုံး ၁ ပွဲသရေနဲ့ အဆင့် ၁၆ နေရာမှာရပ်တည်နေပြီး ပေးဂိုး ၅ ဂိုးပေးထားရပါတယ်။ အာဆင်နယ်အသင်းကတော့ ၃ ပွဲလုံးအရေးနိမ့်ထားပြီး ပေးဂိုး ၉ ဂိုးပေးထားရတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေပါတယ်။
Source: Lancashire Live