ဘန်ဝှိုက်ကို သွေးအအေးဆုံး ခံစစ်မှူးလို့ ထိပ်တန်းတင်ဆက်သူ သုံးသပ်

talkSPORT သတင်းဌာနရဲ့ ထိပ်တန်းအမျိုးသမီး သုံးသပ်သူ ဖေယီ ကရူးသားစ်က အာဆင်နယ်အသင်း အသစ်ခေါ်ယူထားတဲ့ ဗဟိုခံစစ်မှူး ဘန်ဝှိုက်ဟာ သူမြင်တွေ့ဖူးသမျှ သွေးအအေးဆုံး ခံစစ်မှူးဖြစ်တယ်လို့ သုံးသပ်ပြောဆိုသွားပါတယ်။

ကရူးသားစ်က သူမအနေနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကာလတစ်လျှောက်အတွင်း အင်္ဂလန်လက်ရွေးစင်ကစားသမားတွေရဲ့ လေကျင့်မှုတွေကို မြင်တွေ့ခဲ့ဖူးသလို တစ်ဦးချင်းအင်တာဗျူးတွေလည်း ပြုလုပ်ခဲ့ဖူးပြီး ဘန်ဝှိုက်လောက် သွေးအေးတည်ငြိမ်တဲ့သူမျိုး မမြင်ဖူးဘူးလို့ talkSPORT ကို ပြောဆိုခဲ့ပါတယ်။

“သူက အလက်ဇန်းဒါး အာနိုးလ်ဒ်ရဲ့ ဒါဏ်ရာကြောင့် နောက်ဆုံးမိနစ်မှာမှ အင်္ဂလန်လက်ရွေးစင်လူစာရင်းထဲ ပါဝင်လာခဲ့သူပါ။ ဒါပေမယ့် သူ့ကိုကြည့်ရတာ ဒီကိစ္စတွေက သူ့ရဲ့ စိတ်ခံစားချက် အပေါ်သက်ရောက်ပုံမရပဲ အရာရာကို တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေး အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ပြနိုင်ခဲ့ပါတယ်။ ရုတ်တရက်ကြည့်ရင် သူက အသင်းလူစာရင်းမှာ နှစ်ပေါင်းများစွာ အကျွမ်းတဝင်ရှိနေခဲ့သူတစ်ယောက်လိုပါပဲ” လို့ ကရူးသားစ်က ဆိုခဲ့ပါတယ်။

“သူက ကျွန်မ မြင်ဖူးသမျှ သွေးအအေးဆုံးနဲ့ တည်ငြိမ်မှုအရှိဆုံး ခံစစ်မှူးပါပဲ။ လွန်ခဲ့တဲ့နှစ်တွေတုန်းကလည်း ကျွန်မ သူနဲ့ အင်တာဗျူးခဲ့ဖူးပါတယ်။ သူ့ရဲ့ တည်ငြိမ်မှုနဲ့ ရဲရင့်မှုက ဘယ်အခြေနေမျိုးမှာမဆို တစ်သမတ်တည်းပါပဲ။ တည်ငြိမ်ရင့်ကျက်လွန်းပါတယ်။ ဥပမာပြောရရင် ဟယ်ရီကိန်းဆိုရင် ယူရိုမှာ ခြေစွမ်းအတက်အကျမမှန်ဖြစ်ခဲ့သလို သူ့မျက်နှာမှာလည်း စိတ်ခံစားချက်တွေက ပေါ်လွင်နေခဲ့တာပါ။ ဘန်ဝှိုက်ကတော့ ဘယ်အခြေအနေမှာမဆို ဒီလိုမဟုတ်ခဲ့ပါဘူး” လို့ သူမက ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဘန်ဝှိုက်ဟာ အနာဂတ်မှာ အင်္ဂလန် ဒါမှမဟုတ် အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစလာနိုင်ကြောင်းလည်း သူမက ဆိုသွားခဲ့ပါသေးတယ်။ “သူက အနာဂတ်မှာ အသင်းခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်း အသင်းဖော်တွေအကြားမှာ ပြောဆိုနေကြတာကိုလည်း ကျွန်မကြားခဲ့ပါတယ်။ သေချာတာကတော့ ကျွန်မ သူနဲ့ စကားပြောဖြစ်ချိန်မှာ သူက အရမ်းတည်ငြိမ်ပြီး စိတ်ခံစားချက်နဲ့ စိတ်လှုပ်ရှားမှုတွေကို ကောင်းကောင်းထိမ်းချုပ်နိုင်တဲ့သူဆိုတာကို သိလာရပါတယ်” လို့လည်း သူမက ဆိုသွားခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းထံ ပေါင် သန်း ၅၀ နဲ့ ပူပူနွေးနွေးပြောင်းရွှေ့ထားတဲ့ အင်္ဂလန်လက်ရွေးစင် ဘန်ဝှိုက်ဟာ ခံစစ်ကစားရာမှာ တည်ငြိမ်မှုရှိပြီး ဘောလုံးဖြန့့်ဝေပုံလည်းကောင်းမွန်တာကြောင့် ဗဟိုခံစစ်ရဲ့ ရိုးရွိုက်စ်ကားလို့ သမုတ်ခြင်းလည်း ခံနေရသူဖြစ်ပါတယ်။

Source: talkSPORT

Leave a Reply