ဘန်ဝှိုက်ကြောင့် အာဆင်နယ်ခံစစ်တန်း ဘယ်လိုတိုးတက်လာနိုင်သလဲ

အာဆင်နယ် ဂန္တဝင်ဟောင်း ရေးပါလာနဲ့ နည်းပြ အာတီတာတို့က ဘန်ဝှိုက်ကြောင့် အာဆင်နယ်ခံစစ်တန်းမှာ ဘယ်လိုတိုးတက်မှုတွေ ရှိလာနိုင်လဲဆိုတာကို ထုတ်ဖော်ပြောဆိုလာကြပါတယ်။

ပါလာကတော့ အာဆင်နယ်အသင်း ဘန်ဝှိုက်အတွက် မြင့်မားတဲ့တန်ကြေးမျိုး ပေးချေခဲ့ရတာမှန်ပေမယ့် ဒီကစားသမားကြောင့် ခံစစ်တန်းဟာ ပိုမိုမာကျောလာမှာဖြစ်သလို နည်းစနစ်ပိုင်းအရလည်း ရွေးချယ်စရာပိုများလာခဲ့ပြီလို့ သုံးသပ်ခဲ့ပါတယ်။

“ဟုတ်ပါတယ်။ ကျွန်တော်တို့ သူ့အတွက် ပေါင် သန်း ၅၀ ပေးချေခဲ့ရပါတယ်။ ဒီလိုမှ မပေးရင်လည်း တခြားပစ်မှတ် ရှာဖွေရတော့မှာပါ။ ခင်ဗျားတို့ စိတ်ထဲမှာ မန်ယူက ဗာရန်းအတွက် ပေါင် ၄၁ သန်းပဲ ပေးလိုက်ရလို့ ပိုတန်တယ်လို့ ထင်ချင်ထင်နေနိုင်ပါတယ်။ ဒါပေမယ့် ဘန်ဝှိုက်က ပိုငယ်ပြီး အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့သူပါ။ သူက မနှစ်တုန်းက ဘရိုက်တန်မှာလည်း တော်တော်ကောင်းကောင်းကစားပြခဲ့သူပါ။ ဒါကြောင့်လည်း အင်္ဂလန်လူစာရင်းမှာ ပါသွားတာပါ။ ဆောက်သ်ဂိတ်က သူ့ကို ခုချိန်မှာ အသုံးမပြုသေးပေမယ့် သူ့အတွက် အစီအစဉ်တော့ ရှိထားဟန်ပါပဲ။ အာဆင်နယ်အတွက်လည်း သူက အတော်လေး အသုံးတည့်မယ့်သူမျိုးပါ။ အာတီတာအနေနဲ့ ၃ ယောက်တန်း ခံစစ်ရော၊ ၄ ယောက်တန်းခံစစ်ရော စိတ်ကြိုက်ပြောင်းလဲ ကစားလို့ရသွားပါပြီ။ ဘန်ဝှိုက်ကို အာဆင်နယ်ခေါ်ယူရတဲ့ အကြောင်းပြချက်က အဲဒါပါပဲ” လို့ သူက သုံးသပ်ခဲ့တာပါ။

အာဆင်နယ်နည်းပြ မီခယ် အာတီတာကတော့ ဘန်ဝှိုက်ကို ခေါ်ယူနိုင်တာဟာ ကြီးမားတဲ့ ခေါ်ယူမှုလို့ ဆိုခဲ့ပြီး အဆိုပါ အင်္ဂလန်သား ယူဆောင်လာမယ့် အကျိုးကျေးဇူးတွေကို ခုလိုမျိုး ရှင်းပြသွားခဲ့ပါတယ်။ “ဘန်က ထပ်တန်းပစ်မှတ်ပါ။ ခုလို သူ့ကို ခေါ်ယူနိုင်ခဲ့တာက ကြီးကျယ်ခမ်းနားတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဘန်က အရမ်းကောင်းတဲ့ နည်းပြ ၂ ဦးလက်အောက်မှာ သင်ယူမှုတွေ ပြုလုပ်ခဲ့ရသူပါ။ လိဒ်စ်နဲ့ ဘရိုက်တန်မှာပေါ့။ ဒီကနေတဆင့် သူ အကျိုးကျေးဇူးတွေ အများကြီးရခဲ့ပါလိမ့်မယ်။ သူ့ရဲ့ အရည်အသွေးတွေက ဒီနေရာတွေမှာကစားရင်း သိသိသာသာတိုးတက်လာခဲ့တာပါ” လို့ အာတီတာက Sky Sports ကို ပြောခဲ့ပါတယ်။

“ဘန်က ထက်မြက်တဲ့ ခံစစ်မှူးတစ်ယောက်ပါ။ သူက ဘောလုံးကို အမှားအယွင်းမရှိ သက်သောင့်သက်သာ ကိုင်ကစားနိုင်ပါတယ်။ ဒါက ကျွန်တော်တို့ ကစားဟန်နဲ့ အံကျပန်ကျပါပဲ။ နောက်ပြီး သူက ငယ်ရွယ်ပြီး မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားပါသေးတယ်။ ကျွန်တော်တို့ တည်ဆောက်ချင်တာတွေနဲ့ အံကိုက်လို့ ဆိုရမှာပါ။ ကျွန်တော်တို့က နုပျိုပြီး ရေရှည်အတွက် အားကိုးရမယ့် ဗဟိုခံစစ်မှူးမျိုး ရှာဖွေခဲ့တာလေ” လို့လည်း အာတီတာက ဆိုသွားခဲ့ပါသေးတယ်။

အသက် ၂၃ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ဘန်ဝှိုက်ဟာ ဘရိုက်တန်အသင်းကနေ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နဲ့ ၄ နှစ်စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နာမည်ကျော် ကျောနံပါတ်တစ်ခုဖြစ်တဲ့ နံပါတ် ၄ ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။

Source: talkSPORT

Leave a Reply