ဘန်ဝှိုက်က အာဆင်နယ်ရဲ့ ဖာဒီနန်ဖြစ်လာလိမ့်မယ်လို့ ထိပ်တန်းအယ်ဒီတာ သုံးသပ်

TEAMtalk သတင်းဌာနရဲ့ အယ်ဒီတာဖြစ်သူ ဂျိမ်းစ် မာ့ရှ်မန့်က ဘရိုက်တန်ခံစစ်မှူး ဘန်ဝှိုက်ကို ခေါ်ယူနိုင်တော့မယ့် အာဆင်နယ်အသင်းအတွက် စိတ်လှုပ်ရှားမိတယ်လို့ ပြောဆိုသွားခဲ့ပြီး အဆိုပါ အင်္ဂလန်သားဟာ ဂန်းနားတွေရဲ့ ရီယို ဖာဒီနန် ဖြစ်လာလိမ့်မယ်လို့ သုံးသပ်သွားပါတယ်။

အသက် ၂၃ နှစ်အရွယ် ဘန်ဝှိုက်ဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နဲ့ ပြောင်းရွှေ့ဖို့နီးစပ်နေသူဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ ဘရိုက်တန်တို့အကြား ပြောင်းရွှေ့ကြေး သဘောတူညီချက် ရရှိထားပြီးဖြစ်ကာ ငွေကြေးခွဲဝေပေးချေမှုပုံစံကို ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဂျိမ်းစ် မာ့ရှ်မန့်ကတော့ ပေါင် သန်း ၅၀ ဆိုတဲ့ ပမာဏဟာ ဈေးကြီးလွန်းတယ်လို့ ဝေဖန်မှုတွေရှိနေပေမယ့် ဘန်ဝှိုက်ပြန်စွမ်းဆောင်ပြမယ့် စွမ်းဆောင်ရည်တွေနဲ့ နှိုင်းယှဉ်ရင် ထိုက်တန်တဲ့တန်ကြေးဖြစ်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

“ဘန်ဝှိုက်က ပြီးပြည့်စုံတဲ့ ခံစစ်မှူးတစ်ယောက်ပါ။ သူ့ရဲ့ အားသာချက်တွေကို တစ်ချက်တည်းနဲ့ ဖွင့်ဆိုပြဖို့ ခက်ခဲပါတယ်။ သူက တကယ်ကို စံပြုထိုက်တဲ့ကစားသမားမျိုးပါ။ ပွဲကိုဖတ်နိုင်တယ်၊ ပြိုင်ဘက်ကို ကောင်းကောင်း ဟန့်တားနိုင်တယ်၊ လျှင်လျှင်မြန်မြန် ရွေ့လျားနိုင်တယ်၊ အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ ကာကွယ်နိုင်တယ် စသဖြင့်ပေါ့” လို့ သူက ပြောဆိုခဲ့ပါတယ်။

“အကောင်းဆုံးလို့ သတ်မှတ်လို့ရတဲ့ အချက်ကို ဆွဲထုတ်ပြပါဆိုရင် ခံစစ်ကနေ ဘောလုံးကိုတပါတည်းသယ်ဆောင်ပြီး ကွင်းလယ်အထိ လိုက်ပါပံ့ပိုးပေးနိုင်တာလို့ ပြောချင်ပါတယ်။ သူက ဘောလုံးကို ကိုက် ၃၀၊ ၄၀ အမှားအယွင်းမရှိ သယ်ဆောင်သွားနိုင်ပါတယ်။ ပြိုင်ဘက်တွေကို ကွင်းလယ်လူတစ်ယောက်လို ကျော်ဖြတ်ပြီးတော့ပေါ့။ အနီးစပ်ဆုံး နှိုင်းယှဉ်ရမယ်ဆိုရင် ရီယို ဖာဒီနန်လို ကစားသမားမျိုးပေါ့ဗျာ” လို့လည်း မာ့ရှ်မန့်က ဆိုသွားပါသေးတယ်။

ဒါ့အပြင် မာ့ရှ်မန့်က ဘန်ဝှိုက်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အာဆင်နယ်အသင်းပြုလုပ်ခဲ့တဲ့ အကောင်းဆုံး အပြောင်းအရွှေ့လုပ်ဆောင်ချက်ဖြစ်လာလိမ့်မယ်လို့လည်း ခန့်မှန်းသွားခဲ့ပါသေးတယ်။

Source: TEAMtalk, talkSPORT

Leave a Reply