ဘန်ဝှိုက်အပြောင်းအရွှေ့ရဲ့ အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာ

အာဆင်နယ်အသင်းက ဘန်ဝှိုက်ကို ခေါ်ယူရာမှာ ငွေပေးချေရမယ့် ပုံစံနဲ့ ကစားသမားနဲ့ အာဆင်နယ်အကြား ချုပ်ဆိုမယ့် စာချုပ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို Transfers Window Podcast က သတင်းထောက် ဒန်ကန် ကက်စတဲလ်က ထုတ်ဖော်ပြောဆိုလာပါတယ်။

ကက်စတဲလ်က အာဆင်နယ်အသင်းနဲ့ ဘရိုက်တန်တို့အကြား ပေါင် သန်း ၅၀ နဲ့ အလုံးစုံသဘောတူညီချက် ရရှိခဲ့ပြီဖြစ်ပြီး ကာယံရှင်ကစားသမားနဲ့ အာဆင်နယ်တို့အကြား တစ်ပတ်လုပ်ခ ပေါင် ၁၁၅၅၀၀ တန် ၄ နှစ်စာချုပ်ချုပ်ဆိုတော့မှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

ကာယကံရှင်ဟာ အာဆင်နယ်အသင်းနဲ့ ဆေးစစ်မှုခံယူခဲ့ပြီးပြီဖြစ်ပြီး မကြာခင်မှာ တရားဝင်ထုတ်ပြန်ကြေညာချက်နဲ့အတူ ဂန်းနားဖြစ်လာတော့မယ်လို့လည်း ကက်စတဲလ်က ဆိုသွားခဲ့ပါသေးတယ်။

“ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ဘန်ဝှိုက်က ဆေးစစ်မှုကို အဆုံးသတ်ဖို့ပဲ ကျန်တော့တာပါ။ ပထမပိုင်း စစ်ဆေးမှုက ပြီးသွားပါပြီ” လို့ ကက်စတဲလ်က ဆိုခဲ့ပါတယ်။ “ပြီးခဲ့တဲ့ ရုံးပိတ်ရက်တုန်းက သူ လေ့ကျင့်ရေးကွင်းမှာ Biometric ဆေးစစ်မှု ခံယူခဲ့ပါတယ်။ ဒါကို အဆုံးသတ်ဖို့ပဲ လိုအပ်တော့တာပါ” လို့ သူကဆိုခဲ့ပါတယ်။

“ကလပ်အချင်းချင်းအကြားမှာ သဘောတူညီချက်တွေ အကုန်ရပြီးပါပြီ။ တန်ကြေးက ပေါင် သန်း ၅၀ ပါ။ ဒါက ဗဟိုခံစစ်မှူးတစ်ယောက်အတွက် ဒုတိယအမြင့်ဆုံး ကြေးပါ။ အာဆင်နယ်အနေနဲ့ ပထမအရစ် သန်း ၃၀ ကို တစ်နှစ်အတွင်း ပေးချေရမှာဖြစ်ပြီးတော့ နောက်ထပ် ၁၀ သန်းကိုတော့ လာမယ့်ရာသီတွေမှာ ခွဲဝေပေးချေရမှာပါ။ နောက်ထပ် ပေါင် ၅ သန်းစီကို ကစားသမားရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပေးချေရမှာဖြစ်ပြီးတော့ ဘန်ဝှိုက်ရဲ့ နိုင်ငံတကာလက်ရွေးစင် ကစားခွင့်နဲ့ ကလပ်ရဲ့ အောင်မြင်မှုတွေနဲ့ သက်ဆိုင်ပါလိမ့်မယ်။ သူ့အနေနဲ့ အာဆင်နယ်နဲ့ ၄ နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၆ သန်းပါ” လို့ ကက်စတဲလ်က ပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်ကို မခေါ်ယူခင်မှာ ဘင်ဖီကာအသင်းက ဘယ်နောက်ခံလူ နူနို တာဗာရက်စ်နဲ့ အန်ဒါလက်ချ်အသင်းက ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါတို့ကို ခေါ်ယူထားတဲ့အသင်းဖြစ်ပြီး ကွင်းလယ်ဗဟို၊ ကွင်းလယ်တိုက်စစ်နဲ့ ဂိုးသမားနေရာတွေကိုလည်း ဆက်လက်ဖြည့်တင်းဖို့ စီစဉ်နေပါတယ်။

Source: Transfer Window Podcast, talkSPORT

Leave a Reply