
အာဆင်နယ်အသင်းရဲ့ သက်တမ်းရင့်ခံစစ်မှူး ဟက်တာ ဘယ်လာရင်ဟာ ယခုတစ်ပတ်အတွင်းမှာ အသင်းနဲ့ လမ်းခွဲပြီး ပြောင်းရွှေ့ထွက်ခွာတော့မှာဖြစ်ကြောင်း ထိပ်တန်းမီဒီယာ CBS Sports က ဖော်ပြလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဟက်တာ ဘယ်လာရင်ဟာ ၂၀၁၂-၁၃ ရာသီကတည်းက အာဆင်နယ်အသင်းကြီးထံ စတင်ရောက်ရှိလာခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာအသင်းအတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့ကာ နောက်ပိုင်းရာသီတွေမှာ အသင်းရဲ့ အဓိက ညာနောက်ခံလူအဖြစ် ခြေစွမ်းပြသနိုင်ခဲ့သူပါ။

၂၀၁၉-၂၀ ရာသီမှာတော့ ပြင်းထန်တဲ့ဒူးဒါဏ်ရာ ရရှိသွားခဲ့ပြီး ကာလရှည်အနားယူခဲ့ရသလို ပြန်လည်သက်သာလာချိန်မှာလည်း အရင်လို ခြေစွမ်းတည်ငြိမ်မှုမျိုး ပြန်လည်မရရှိတော့ပါဘူး။ ဒါကြောင့်လည်း အာဆင်နယ်အသင်းက ယခုနှစ်နွေရာသီမှာ သူ့ကို ရောင်းထုတ်ဖို့ စီစဉ်လာတာဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ခွာဖို့ ပြီးခဲ့တဲ့ရာသီမကုန်ဆုံးခင်ကတည်းက ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။
ခုချိန်မှာတော့ ဘယ်လာရင်ရဲ့ အေးဂျင့်ဖြစ်သူ အယ်လ်ဘာတို ဘိုတီနက်စ်ဟာ အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးနဲ့ ကာယကံရှင် အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ ကိစ္စကို တရားဝင်ဆွေးနွေးနေပြီဖြစ်ပြီး အသင်းသစ်ရှာဖွေမှုကိုယ်လည်း စပိန်သားရဲ့ အေးဂျင့်ကိုယ်တိုင် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

သတင်းတွေအရတော့ အေးဂျင့်ဖြစ်သူဟာ ဟက်တာ ဘယ်လာရင်ကို ပြောင်းရွှေ့ဖို့ ဟာကီမီကို လက်လွှတ်ထားရတဲ့ အင်တာမီလန်နဲ့ ထရစ်ပီယာကို လက်လွှတ်ရဖို့ရှိနေတဲ့ အက်သလက်တီကို စတဲ့အသင်းတွေနဲ့ ဆွေးနွေးမှုပြုလုပ်ထားပြီး အာဆင်နယ်ဘက်က ခေါင်းငြိမ့်တာနဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်မှာဖြစ်ကြောင်း သိရပါတယ်။
လက်တလောမှာ အင်တာမီလန်အသင်းဟာ ဘယ်လာရင်ကို ကနဦးအငှား ရာသီကုန် အပြီးသတ်ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ စီစဉ်နေပြီး အက်သလက်တီကိုအသင်းကတော့ အပြီးသတ်ခေါ်ယူချင်နေပါတယ်။ နှစ်သင်းစလုံးဟာ အဆိုပါ ကစားသမားကို ယခုတစ်ပတ်အတွင်းမှာပဲ အပြီးသတ်ခေါ်ယူခွင့်ရရှိဖို့ ကြိုးပမ်းနေကြတယ်လို့ CBS ရဲ့ သတင်းမှာ ဆိုထားပါတယ်။
Source: CBS Sports