ဘယ်လ်ဂျီယံ မက်ဆီကို ခေါ်ယူဖို့ အာဆင်နယ် တိုက်တွန်းခံံနေရ

အာဆင်နယ်အသင်းရဲ့ ပရိတ်သတ်တွေဟာ ဘယ်လ်ဂျီယံ ၁-၂ အီတလီပွဲစဉ်မှာ အထူးခြေစွမ်းပြသသွားတဲ့ ဘယ်လ်ဂျီယံ တောင်ပံကြယ်ပွင့် ဂျရမီ ဒိုကူကို ခေါ်ယူဖို့ အပြင်းအထန်တိုက်တွန်းနေကြပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဒိုကူဟာ ပြင်သစ်ကလပ် ရင်းနက်စ်အသင်းမှာ ကစားနေသူဖြစ်ပြီး အာဆင်နယ်အသင်းနည်းပြ မီခယ် အာတီတာနဲ့ ဆက်ဆံရေးကောင်းရှိတယ်လို့ နာမည်ကြီးတဲ့ ဘယ်လ်ဂျီယံထိပ်သီးကလပ် အန်ဒါလက်ချ်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားပါ။

ယမန်နှစ်ရာသီတုန်းက အန်ဒါလက်ချ်အသင်းအတွက် ၇ ပွဲ၊ ရင်းနက်စ်အသင်းအတွက် ပွဲ ၃၀ ပါဝင်ကစားပေးခဲ့ပြီး ၆ ဂိုးသွင်းကာ ၈ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဆိုပါခြေစွမ်းကြောင်း ယူရိုပြိုင်ပွဲဝင် ဘယ်လ်ဂျီယံအသင်းမှာ ရွေးချယ်ခံခဲ့ရသလို ဖင်လန်၊ အီတလီတို့နဲ့ကစားခဲ့တဲ့ ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

အထူးသဖြင့် အီတလီနဲ့ပွဲစဉ်က သူ့ရဲ့ခြေစွမ်းဟာ ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး ဘယ်လ်ဂျီယံ မက်ဆီလို့ တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့အထိပါပဲ။ ဘယ်တောင်ပံအားပြု တောင်ပံလူ ဒိုကူဟာ အလိမ်အခေါက်၊ ဖြတ်တင်ဘောနဲ့ အမြန်နှုန်းတွေမှာ အားသာချက်ရှိသူဖြစ်ပြီး ပြစ်ဒါဏ်ဘောကန်ချက်တိကျမှုကြောင့်လည်း နာမည်ကျော်ပါတယ်။

ဘယ်လ်ဂျီယံက အီတလီကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒိုကူအနေနဲ့ ပင်နယ်တီကန်ခွင့်ရရှိအောင် ဖန်တီးပေးနိုင်ခဲ့သလို လိမ်ခေါက်ဖြတ်ကျော်မှုလည်း ၈ ကြိမ်အထိ အောင်မြင်ခဲ့ပါတယ်။ အဆိုပါ အရေအတွက်ဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှေက် အသက် ၂၀ လောက်လူငယ်တစ်ဦးအတွက် အကောင်းဆုံးမှတ်တမ်းဖြစ်ပြီး ယခုနှစ်ရာသီပြိုင်ပွဲရဲ့ တစ်ဥိးတည်းလိမ်ခေါက်ဖြတ်ကျော်မှု အများဆုံးအရေအတွက်လည်းဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းက ဒိုကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေထွက်ပေါ်နေခဲ့တာက ယူရိုပြိုင်ပွဲမစတင်ခင်အချိန်ကတည်းကဖြစ်ပြီး ခုချိန်မှာတော့ စိတ်ဝင်စားမှု ဆက်လက်ရှိနေသေးလားဆိုတာ မရေရာပါဘူး။ ဒါပေမယ့်လည်း အာဆင်နယ်ပရိတ်သတ်တွေကတော့ ဒိုကူ၊ စမစ်-ရိုး၊ ဆာကာ ကွင်းလယ်တိုက်စစ် ၃ ယောက်တန်းကို တွေ့မြင်လိုကြောင်း အပြင်းအထန် တိုက်တွန်းပြောဆိုနေကြပြီဖြစ်ပါတယ်။

ကစားသမားတွေရဲ့ တန်ကြေး တွက်ချက်ဖော်ပြပေးတဲ့ Transfermarkt ဝက်ဘ်ဆိုက်ကတော့ ဒိုကူရဲ့ လက်ရှိတန်ကြေးဟာ ယူရို ၂၂ သန်းဖြစ်ပြီး ယူရို ၂၆ သန်းဝန်းကျင်နဲ့ ခေါ်ယူခွင့်ရနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ လက်ရှိမှာ ဒိုကူကို ခေါ်ယူဖို့ အတက်ကြွဆုံး ကြိုးပမ်းနေတဲ့အသင်းက လီဗာပူးလ်ပါ။

Source: Football London

Leave a Reply