ဘရာဇီးလ် အိုလံပစ် ကွင်းလယ်ခံစစ်ကြယ်ပွင့်ကိုခေါ်ယူဖို့ အာဆင်နယ် ကြိုးပမ်းနေ

ကွင်းလယ်ခံစစ်ကစားသမားသစ် ရှာဖွေနေတဲ့ အာဆင်နယ်အသင်းဟာ တိုကျိုအိုလံပစ်ပြိုင်ပွဲဝင် ဘရာဇီးလ် ယူ-၂၃ အသင်းက ကွင်းလယ်ခံစစ်ကစားသမား ဘရူနို ဂွီမာရေးစ်ကို ခေါ်ယူဖို့ စတင်ကြိုးပမ်းနေပြီဖြစ်ကြောင်း သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။

ဂရာနစ် ရှာခါကို လက်လွှတ်တော့မယ့် အာဆင်နယ်အသင်းဟာ သူ့နေရာမှာ အစားထိုးဖို့ အီတလီလက်ရွေးစင်ကွင်းလယ်လူ မန်နူရယ် လိုကာတယ်လီကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ကာ ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် ခေါ်ယူနိုင်ရေး မရေမရာဖြစ်နေပါတယ်။

ဒါကြောင့်လည်း ပစ်မှတ်သစ်အဖြစ် အိုလံပစ်လီယွန်အသင်းက ကွင်းလယ်ခံစစ်ကစားသမား ဘရူနို ဂွီမာရေးစ်ကို ပြောင်းလဲ ပစ်မှတ်ထားလာတာဖြစ်ပြီး ချဉ်းကပ်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြင်သစ်ကလပ်ကတော့ ထိုက်တန်တဲ့ကမ်းလှမ်းမှုရှိလာခဲ့ရင် အဆိုပါကွင်းလယ်လူကို ရောင်းထုတ်ဖို့ စိတ်ကူးရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ဝန်းကျင်အလိုရှိနေပါတယ်။ Goal ရဲ့ ဖော်ပြချက်အရတော့ နှစ်ဘက်အသင်းအကြား ပုံမှန်ဆွေးနွေးမှုစတင်နေပြီဖြစ်ပြီး အာဆင်နယ်အသင်းဘက်က ကာယကံရှင်ကစားသမားကိုလည်း ဆက်သွယ်မှုပြုလုပ်နေပြီဖြစ်ကြောင်း သိထားရပါတယ်။

လီယွန်အသင်း သတ်မှတ်ထားတဲ့ တန်ကြေးဟာ လက်တလော အာဆင်နယ်အသင်းပစ်မှတ်ထားနေတဲ့ မန်နူရယ် လိုကာတယ်လီ (ပေါင် ၃၄ သန်း) နဲ့ ရူဘင် နီးဗက်စ် (ပေါင် ၃၅ သန်း) တို့ထက် ပိုမိုနည်းပါးနေတဲ့အချက်ကလည်း အာဆင်နယ်အသင်း ဂွီမာရေးစ်ကို ခေါ်ယူဖို့ ပိုမိုစိတ်ဝင်စားမှုဖြစ်ပေါ်စေတဲ့အချက်ဖြစ်တယ်လို့ The Sun က ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရူနို ဂွီမာရေးစ်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတုန်းကမှ ဘရာဇီးလ်ကလပ် အက်သလက်တီကို ပါရန်းနေးရန်းစ်အသင်းကနေ လီယွန်အသင်းထံကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ပြင်သစ်ကလပ်အတွက် ၃၇ ပွဲအထိပါဝင်ကစားပေးကာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြသခဲ့သူဖြစ်ပါတယ်။

Source: Goal, The Sun, TBR

Leave a Reply