
တကယ်လို့များ ကိုယ်က အသောက်အစားလေးကလည်း မကင်း၊ ဗိုက်ကလေးကလည်း တနေ့ တခြား ရှေ့ကို စူလို့ ထွက်လာပြီဆိုရင် သေချာတယ် ဘီယာဗိုက်လို့ အခေါ်ခံရတော့မယ်ဆိုတာ။
ဘီယာတွေ အလွန်အကျွံသောက်သုံးတတ်တဲ့ အမျိုးသားအများစုဟာ ဗိုက်ပူလာတဲ့ ပြဿနာကို ရင်ဆိုင်ရတတ်ပါတယ်။ အသောက်အစားလေးကလည်းရှိ၊ မအားမလပ်လို့ ကိုယ်လက်လေ့ကျင့်ခန်းလည်း ပုံမှန်မလုပ်နိုင်တဲ့သူတွေဆိုရင် ဘီယာဗိုက်ဆိုတဲ့ ဘွဲ့ကိုရဖို့ သိပ်နီးစပ်ပါတယ်။
ဘာမှ အားမငယ်ပါနဲ့၊ ကမ္ဘာပေါ်မှာ ဘီယာဗိုက်ဖြစ်နေတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ အတော်ကိုများပြားတဲ့ အမျိုးသားထုကြီးဟာ ဒီဘွဲ့ကို ရရှိနေကြပါတယ်။ တစ်ခုရှိတာက ဒီလို ဘီယာဗိုက်ဆိုတဲ့ ဘွဲ့အမည်နာမကြီးက တကယ်ကို ဘီယာသောက်လို့ ရလာတာဟုတ်ရဲ့လား။
ဘီယာအလွန်အကျွံသောက်သုံးတာကြောင့် ဗိုက်ခေါက်ထွက်လာနိုင်တယ်လို့ ယတိပြတ်ပြောလို့မရပါဘူး။ တကယ်တမ်း ဗိုက်ပူစေတဲ့ပြဿနာက ဘီယာသောက်သုံးပြီးတဲ့နောက်မှာ ခန္တာကိုယ်အတွင်း စုကျန်ခဲ့တဲ့ ကယ်လိုရီတွေကို လုံလောက်မျှတအောင် မချေဖျက်နိုင်တာကြောင့်ဖြစ်ပါတယ်။
ဘီယာထဲကပါလာတဲ့ ကယ်လိုရီတွေအပြင်၊ အမြည်းအဖြစ် တွဲဖက်စားသောက်တဲ့ အစားအစာတွေက ကျန်ရှိနေတဲ့ ကယ်လိုရီဓာတ်တွေနဲ့ ပေါင်းစပ်လိုက်ချိန်မှာ အတော်များပြားတဲ့ ကယ်လိုရီ အစုအဝေးကြီး ဖြစ်သွားပါတယ်။ ဒီကယ်လိုရီတွေက လူတွေရဲ့ ဝမ်းဗိုက်မှာ အဆီပိုတွေ ဖြစ်ပေါ်စေတာပါ။
တကယ်တမ်း အရက်၊ ဘီယာကြောင့် အဆီပိုဖြစ်စေတယ်ဆိုတဲ့ ကိစ္စကတော့ ၅၀/၅၀ အနေအထားပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပုံမှန် ဘီယာတစ်ခွက်ရဲ့ ကယ်လိုရီပမာဏက ၁၅၀ ဝန်းကျင်သာဖြစ်ပြီးတော့ အသင့်စားခေါက်ဆွဲထုတ်တစ်ထုပ်မှာ ကယ်လိုရီ ၅၀၀+ ပါဝင်တာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အရက်၊ ဘီယာစတာတွေကို အလွန်အကျွံ သောက်သုံးခဲ့မယ်ဆိုရင် ခါးတုတ်လာဖို့ထက် အသည်းထိခိုက်ဖို့က ဖြစ်နိုင်ချေပိုများပါတယ်။
တကယ်တမ်း မိမိရဲ့ ဗိုက်အရွယ်အစားကို ကြီးထွားလာစေမယ့် ကယ်လိုရီအများစုက ဘီယာသောက်သုံးချိန်မှာ တွဲဖက်စားသောက်တဲ့ အစားအစာတွေ အကင်တွေ၊ အကြော်အလှော်တွေ၊ ကြက် ဝက်စတဲ့ အသားဟင်းလျာတွေ၊ ပီဇာနဲ့ အသင့်စားအစားအစာလို တွဲဖက်အစားအစာတွေဆီကနေ လာပါတယ်။
ဒါပေမယ့် အရက်၊ ဘီယာသောက်သုံးမှုဟာ အဆာပြေအစာနဲ့ အမြည်းတွေပိုစားဖြစ်အောင် တွန်းအားပေးတာမို့ သူ့အပြစ်လည်း လုံးလုံးကြီးကင်းတယ်တော့ မဆိုသာပါဘူး။

နောက်ပြီး သိထားသင့်တာလေးတွေကတော့
- ဘာလို့ ဗိုက်မှာ အဆီတွေ စုလာတာလဲ? – ခန္တာကိုယ်မှာ အဆီတွေများပြားလာတဲ့အခါမျိုးမှာ အသက်အရွယ်၊ လိင်နဲ့ ဟိုမုန်းတွေပေါ်လိုက်ပြီး စုဆောင်းတဲ့နေရာခြင်းမတူညီပါဘူး။ မိန်းကလေးတွေရဲ့ အဆီပိုတွေဟာ ဗိုက်အပြင် လက်မောင်း၊ ပေါင်၊ တင်ပါးတို့လို နေရာအနှံ့မှာရှိနေနိုင်ပါတယ်။ ယောင်္ကျားလေးတွေကတော့ ဗိုက်မှာ အဆီပိုတွေစုနေတာမျိုး ပိုဖြစ်ပါတယ်။
- ဘယ်သူတွေဆီမှာ ပိုဖြစ်သလဲ? – ဘီယာဗိုက်တွေဟာ လူငယ်တွေထက် လူကြီးတွေမှာ ပိုဖြစ်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ ခန္တာကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာသလို ကိုယ်လက်လှုပ်ရှားမှုလည်း နည်းပါးလာတာကြောင့်ဖြစ်ပါတယ်။
- ဘီယာဗိုက်ရှိတာ အပြစ်လား? – ဘီယာဗိုက်ရှိတာ အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ နှလုံးသွေးကျောကျဉ်းရောဂါတွေဖြစ်နိုင်ချေ အတော်လေးများပါတယ်။ လေးလံတဲ့ ခန္တာကိုယ်ကို သယ်ဆောင်ထားရတာမို့ တင်ပါးနဲ့ ပေါင်တွေကိုလည်း ထိခိုက်နိုင်ပါတယ်။