ဘူကာယို ဆာကာ ၂.ဝ သို့ အိုမာရီ ဟတ်ချင်ဆန်

အာဆင်နယ် ယူ-၂၃ အသင်းက ခရစ္စတယ်ပဲလေ့စ် ယူ-၂၃ အသင်းကို ၄-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ အာဆင်နယ်ပရိတ်သတ်တွေအကြား လူငယ်တောင်ပံကစားသမား အိုမာရီ ဟတ်ချင်ဆန် အပေါ် စိတ်ဝင်စားမှုတွေနဲ့ ချီးမွမ်းစကားပြောဆိုမှုတွေ မြင့်တက်လာခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ ဘယ်သန် တောင်ပံလူ ဟတ်ချင်ဆန်ဟာ အဆိုပါပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေး အမြောက်အများလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

အမြန်နှုန်းမြင့်မားပြီး အလိမ်အခေါက်ကောင်းမွန်တဲ့ ဟတ်ချင်ဆန်ဟာ ကစားသမားဘဝ အချိန်ကာလအများစုမှာ ဘယ်တောင်ပံခံစစ်မှူးအဖြစ်သာ ကစားခဲ့တာဖြစ်ပြီး လက်ရှိ ယူ-၂၃ နည်းပြသစ် ကီဗင် ဘတ်ဆီ ကတော့ သူ့ကို တောင်ပံတိုက်စစ်မှာ တင်ကစားခဲ့တာပါ။

ဘတ်ဆီရဲ့ နည်းဗျူဟာအပြောင်းအလဲနဲ့ နေရာရွှေ့ပြောင်းကစားခိုင်းမှုဟာ ဟတ်ချင်ဆန်အတွက်တော့ အကျိုးရှိခဲ့ပြီး ပရိတ်သတ် မျက်စိကျလောက်စရာ ခြေစွမ်းကောင်းမျိုးလည်း ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ တောင်ပံတစ်လျှောက် အတက်အဆင်းကောင်းကောင်းနဲ့ မခိုမကပ်ကစားမှုတွေကြောင့်လည်း အာဆင်နယ်ပရိတ်သတ်တွေက သူ့ကို ဆာကာ ၂.ဝ လို့ နာမည်ပြောင်ပေးခဲ့ကြတာပါ။

အိုမာရီ ဟတ်ချင်ဆန် ဟာ အာဆင်နယ်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ် လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး ဟိုက်ဘားနီးယန်းနဲ့ပွဲစဉ်မှာ လူငယ်အသင်းဖော် ဂျက် ဟင်နရီ-ဖရန်စစ် နဲ့အတူ ဒုတိယပိုင်းမှာ လူစားဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ အဆိုပါကာလတွေကတည်းက နည်းပြအာတီတာဟာ ဟတ်ချင်ဆန်ရဲ့ ခြေစွမ်းနဲ့အလားအလာကို စောင့်ကြည့်မှုတွေရှိနေပြီး မကြာခင်မှာ ပထမအသင်းကြီးနဲ့ လေ့ကျင့်ခန်းဆင်းခွင့်ပေးဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

ရာသီကြိုခြေစမ်းပွဲစဉ်တွေပြီးစီးချိန်မှာတော့ ဟတ်ချင်ဆန်ဟာ ယူ-၁၈ အသင်းကနေ ယူ-၂၃ အသင်း ထံ လှမ်းတက်လာနိုင်ခဲ့ပြီး ခုချိန်မှာတော့ ခြေစွမ်းကောင်းတွေပါ ထုတ်ဖော်ပြသနိုင်နေပြီဖြစ်တာမို့ ပထမအသင်းကြီးလူစာရင်းထံ အရောက်ချီတက်နိုင်ဖို့လည်း သိပ်ပြီးတော့ မဝေးတော့ဘူးလို့ သုံးသပ်ခံနေရပါတယ်။

Source: TBR

Leave a Reply