
အာဆင်နယ် ဂန္တဝင်တိုက်စစ်မှူးဟောင်း အီယန် ရိုက်က ဂန်းနားတွေအနေနဲ့ လက်စတာစီးတီးကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်ကို အရခေါ်ယူနိုင်ဖို့ လိုအပ်တယ်လို့ပြောဆိုလိုက်ပြီး အဆိုပါကစားသမားဟာ အာဆင်နယ်အသင်းရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်မယ့် ကစားသမားဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
အာဆင်နယ်အသင်းဟာ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆင်ကို ခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းနေပေမယ့် လက်စတာစီးတီးအသင်းက တန်ကြေးပေါင် သန်း ၇၀ အထိတောင်းဆိုနေတာကြောင့် အခက်ကြုံနေတာပါ။

ဂန်းနားတွေဟာ မက်ဒီဆင်ကို ခေါ်ယူနိုင်ဖို့ ယုံကြည်ချက်ရှိနေဆဲဖြစ်ပြီး ပြောင်းရွှေ့ကြေးပမာဏကို လျှော့ချပြီး လက်စတာအသင်းလက်ခံနိုင်မယ့် ကမ်းလှမ်းချက်မျိုးပြုလုပ်နိုင်ဖို့ အမျိုးမျိုးအဖုံဖုံကြိုးပမ်းနေပါတယ်။
ဂန္တဝင်ဟောင်း အီယန် ရိုက်ကတော့ မက်ဒီဆင်ကိုခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းနေတဲ့ အာဆင်နယ်အသင်းရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံအားပေးလိုက်ပြီး မဖြစ်မနေခေါ်ယူနိုင်ဖို့ လိုအပ်တယ်လို့လည်း ITV Sport မှာ ပြောဆိုသွားခဲ့ပါတယ်။

“သူ့ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်း နောက်တစ်ဆင့်ကို မြင့်သွားမှာပါ။ အချက်အလက်တွေအရဆိုရင် အာဆင်နယ်အသင်းဟာ မက်ဒီဆင်လိုကစားသမားမျိုးကို အခြေပြုပြီး အသင်းကိုတည်ဆောက်ဖို့ ကြံရွယ်နေတာပါ။ သူက အာဆင်နယ်မှာ တကယ်လိုအပ်နေတဲ့ ကစားသမားမျိုးပါ” လို့ ရိုက်က ပြောခဲ့ပါတယ်။
“ခုချိန်မှာ အာဆင်နယ်က လီဗာပူးလ်တို့ မန်ယူတို့ကို လိုက်မှီဖို့ အများကြီးပြတ်ကျန်ခဲ့ပါပြီ။ ဒါပေမယ့် မက်ဒီဆင်လိုကစားသမားမျိုးကို ဖြည့်တင်းနိုင်မယ်ဆိုရင် Shawshank Redemption (ဂန္တဝင်ရုပ်ရှင်) ထဲက အန်ဒီ ဒီဖရိန်းတစ်ယောက် ပိုက်လိုင်းထဲကနေ ထောင်ဖောက်ပြေးတုန်း အလင်းရောင်ကို တွေ့ရသလို အခြေအနေမျိုးဖြစ်လာမှာပါ။ အာဆင်နယ်မှာ မက်ဒီဆင်လိုကစားသမားမျိုး လိုအပ်ပါတယ်။ သူ့ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်း နောက်တစ်ကြိမ် ပြန်လည်နိုးထလာနိုင်မှာပါ” လို့ ရိုက်က ဆိုသွားခဲ့ပါတယ်။
Source: ITV, Express