
အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာဟာ အကျပိုင်းကိုရောက်နေပြီဖြစ်တဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းရဲ့နေရာကို ဆက်ခံဖို့ အသင်းခေါင်းဆောင်သစ် ရှာဖွေနေပြီး စကော့တလန် ခံစစ်မှူး ကီယန် တီယာနီနဲ့ နော်ဝေကွင်းလယ်လူ မာတင် အိုဒီဂတ်တို့ အပြိုင်ရေပန်းစားလာနေပါတယ်။
ဆဲလ်တစ်အသင်းနဲ့ စကော့တလန်အသင်းတွေကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ တီယာနီဟာ အာဆင်နယ်အသင်းခေါင်းဆောင်သစ်ဖြစ်လာဖို့ အသင်းကို စတင်ပြောင်းရွှေ့လာချိန်ကတည်း ရေပန်းစားနေခဲ့သူဖြစ်ပြီး ခုချိန်မှာလည်း နည်းပြအာတီတာရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Mirror ကတော့ အသက် ၂၂ နှစ်အရွယ်မှာတင် နော်ဝေလက်ရွေးစင်အသင်းကို အကောင်းဆုံးဦးဆောင်ကစားပြနေတဲ့ မာတင် အိုဒီဂတ်ကိုလည်း နည်းပြအာတီတာက ထည့်သွင်း စဉ်းစားလာနေပြီဖြစ်ကြောင်း ဖော်ပြလာခဲ့ပါတယ်။
မာတင် အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အသင်းမှာ အငှားစနစ်နဲ့ လာရောက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ရာသီကုန်ချိန်မှာ ပေါင် သန်း ၃၀ နဲ့ အပြီးသတ်ခေါ်ယူခြင်းခံခဲ့ရသူပါ။ Mirror ရဲ့ ဖော်ပြချက်အရ အိုဒီဂတ်ဟာ အသင်းကို ပထမဆုံးစတင်ရောက်ရှိလာချိန် ဇန်နဝါရီလကတည်းက အသင်းဖော်တွေရဲ့ လေးစားမှုကို ရရှိခဲ့သူဖြစ်ပြီး သူ့ရဲ့ဦးဆောင်မှုနောက်ကို အသင်းသားတွေက လိုလိုလားလား လိုက်ပါခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နော်ဝေသားရဲ့ အာဆင်နယ်အသင်းအပေါ် ချစ်မြတ်နိုးစိတ်က စကော့တလန်သား တီယာနီနဲ့ မတိမ်းမယိမ်း အခြေအနေမှာရှိပြီး နှစ်ဦးလုံးဟာ စိတ်အားထက်သန်မှုနဲ့ ဦးဆောင်နိုင်စွမ်း ကောင်းမွန်ကြသူတွေဖြစ်ပါတယ်။
Twitter က မှတ်ချက်ပြုသူတွေကတော့ အဆိုပါကစားသမား ၂ ဦးလုံးဟာ အသင်းခေါင်းဆောင်ဖြစ်ထိုက်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားကြတယ်လို့မှတ်ချက်ပြုခဲ့ကြသလို အူဘာမီယန်းထက် ပိုမိုသာလွန်တဲ့ စွမ်းဆောင်ရည်မျိုးပြသနိုင်မှာတော့ သေချာတယ်လို့လည်း ဆိုနေကြပါတယ်။
Source: Arsenal Insider