
အာဆင်နယ်လူငယ်တိုက်စစ်မှူး ဂါဘရီယယ် မာတီနယ်လီဟာ ဘရာဇီးလ် ယူ-၂၃ အသင်းနဲ့အတူ တိုကျို အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ပြိုင်ပွဲပြီးဆုံးချိန်မှာ နားရက်မယူပဲ အာဆင်နယ်အသင်းထံ လာရောက်ပူးပေါင်းခဲ့ပါတယ်။
အာဆင်နယ်ပရိတ်သတ်တွေကတော့ ဘရာဇီးလ်ကြယ်ပွင့်လေးရဲ့ လုပ်ရပ်ကြောင့် အံ့အားသင့်ခဲ့ရသလို ခုလိုအသင်းနဲ့ ချက်ခြင်းလေ့ကျင့်ခန်းပြန်ဆင်းခဲ့တာကြောင့် ပင်ပန်းနွမ်းနယ်မှုဒါဏ်ကို ခံစားရမှာကိုလည်း စိုးရိမ်ပူပန်နေကြပါတယ်။

ဘရာဇီးလ်ကြယ်ပွင့် ဂါဘရီယယ် မာတီနယ်လီတစ်ယောက် အာဆင်နယ်အသင်းထံ ဘာကြောင့်ခုလိုမျိုး တိုက်ရိုက်လာရောက် ပူးပေါင်းခဲ့တာလဲဆိုတာကို Daily Cannon ဝက်ဘ်ဆိုက်က ခုလိုမျိုး ရှင်းပြထားပါတယ်။
မာတီနယ်လီဟာ ဘရာဇီးလ် ယူ-၂၃ အသင်းနဲ့အတူ တိုကျိုအိုလံပစ်မှာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် အဓိက ပွဲထွက်ကစားသမားမဟုတ်ခဲ့တာကြောင့် ပွဲချိန်အလွန်မများခဲ့သလို ဘရာဇီးလ်အသင်းဟာလည်း ပြိုင်ပွဲကြိုကာလမှာ ကစားသမားတွေ ဒါဏ်ရာရ၊ ပွဲပန်းပြဿနာတွေကြုံဆုံရမယ့်ဘေးကို ရှောင်လွဲနိုင်ဖို့ ခြေစမ်းပွဲ အနည်းငယ်ကိုသာ ကစားခဲ့တာက ပထမတစ်ချက်ဖြစ်ပါတယ်။

ဒုတိယတစ်ချက်ကတော့ မာတီနယ်လီဟာ အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့်ရရှိဖို့အတွက် တိုက်ပွဲဝင်လိုနေပြီး အသင်းနဲ့အတူ အလျှင်အမြန်ပူးပေါင်းကာ နည်းပြအာတီတာရဲ့ ကစားကွက်မှာ အံဝင်ခွင်ကျကစားပြလိုနေတာကြောင့် ချက်ခြင်းလေ့ကျင့်ခန်းလာဆင်းခဲ့တာဖြစ်ပါတယ်။
မာတီနယ်လီဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပေမယ့် အာဆင်နယ်ဆေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဒါဏ်ရာပြဿနာကို ရှောင်လွှဲနိုင်စေဖို့ အပေါ့စားလေ့ကျင့်ခန်းတွေနဲ့ နည်းဗျူဟာပိုင်းလေ့ကျင့်ခန်းတွေကိုသာ စတင်လေ့ကျင့်ရဦးမှာဖြစ်ပြီး ပွဲပြန်ကစားခွင့်ရဖို့လည်း ရက်သတ္တပတ်အနည်းငယ် စောင့်ဆိုင်းရဦးမှာပါ။
Source: Daily Cannon