မိုးရွာရင် မိုးရေချိုးမယ်၊ ဘယ်လိုအကျိုးတွေရမလဲကွယ်

ခုလို မိုးတွင်းကာလ မိုးတွေ သဲသဲမဲမဲ ရွာပြီဆိုရင် “မိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင် နို့စို့မယ်၊ ဖေဖေလာရင် အုန်းသီးခွဲစားမယ်” လို့ အော်ဟစ်ပြီး မိုးရေပြေးချိုးခဲ့ကြဖူးမှာပါ။

အနောက်နိုင်ငံတွေမှာတော့ မိုးရေကို အိမ်သုံးအဖြစ် သုံးတဲ့ အလေ့အထရှိပေမယ့် မိုးရေထွက်ချိုးတဲ့ အလေ့အထမျိုးတော့ နည်းပါးလှပါတယ်။ ဒါပေမယ့် အာရှဒေတွေမှာတော့ မိုးရေထွက်ချိုးတယ်ဆိုတာဟာ ငယ်ဘဝအမှတ်တရတွေကြားထဲက ရှင်းလင်းပြတ်သားလွန်းလှတဲ့ ပုံရိပ်တစ်ချို့လို့တောင်ဆိုလို့ရပါတယ်။

မြန်မာပြည်မှာဆိုရင် မိုးရေချိုးရင် မိတ်ပျောက်တယ်ဆိုတဲ့ အယူအဆကလည်းရှိတော့ လူကြီးတွေကလည်း မိုးရွာရင် ကလေးတွေကို မိုးရေချိုးဖို့ တိုက်တွန်းတတ်ကြပါတယ်။ မိုးရေချိုးရင် ကျန်းမာတယ်လို့လည်း ပြောတတ်ကြပါသေးတယ်။

မိုးရေချိုးရင် တကယ်ရော ကျန်းမာမယ်ဆိုတာ ဟုတ်ရဲ့လား။ မြန်မာပြည်လို မိုးများတဲ့ မုတ်သုံရာသီဥတုရှိတဲ့တိုင်းပြည်မျိုးမှာ ဒီမေးခွန်းလေးက စိတ်ဝင်စားစရာ မေးခွန်းလေး တစ်ခုပါ။

မိုးရေက ခန္တာကိုယ်ကို အကျိုးပြုသလား

မိုးရေချိုးတာဟာ အကြမ်းဖျဉ်းအားဖြင့်တော့ လူကို ဘေးမဖြစ်စေနိုင်သလို ရေကိုလည်းချွေတာစေနိုင်တာမို့ ကောင်းတဲ့ ကိစ္စလို့ ဆိုလို့ရပါတယ်။ ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်လည်း မိုးရေကို ချိုးရေအဖြစ် အသုံးပြုခြင်းကြောင့် အောက်ပါ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။

မိုးရေက သဘာဝအရကို Soft Water ဖြစ်တာမို့ ဘေးထွက်ဆိုးကျိုးရှိတဲ့ သတ္တုဓာတ်တွေ ပါဝင်မှု နည်းပါးတာ

Soft Water ဖြစ်တာကြောင့် ဆံသားကို အားကောင်းစေတာ

Neutral pH ပါဝင်တာကြောင့်လည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေတာ

Sensitive skin မျိုးရှိသူတွေဆိုရင် မိုးရေချိုးပေးရင် လက္ခဏာတွေ လျော့ပါးစေနိုင်တာ

ဆပ်ပြာနဲ့ တွဲဖက်သုံးမယ်ဆိုရင် ခန္တာကိုယ်ကို ပိုမိုသန့်စင်ပေးနိုင်ပါတာ၊

လန်းဆန်းစေတာ၊ စိတ်လက်ပေါ့ပါးစေတာ၊

နားနာကျင်တာမျိုးကို သက်သာစေတာ၊

ဟိုမုန်းပမာဏကို ချိန်ညှိပေးနိုင်တာ၊

ထိခိုက်ရှနာတွေရှိရင် အကျက်မြန်စေတာ၊ စတာတွေပါပဲ။ 

သိထားသင့်သည်များ

ဒါပေမယ့်လည်း တစ်ဖက်မှာတော့ မိုးရေကို ဒီအတိုင်းချိုးတာထက် စုဆောင်းသိမ်းဆည်းပြီး သန့်စင်ပြီးမှ ချိုးတာက ပိုကောင်းမွန်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။ သြစတြေးလျနိုင်ငံက သိပ္ပံပညာရှင်တွေက အကြံပြုတာပါ။

မိုးရေကို စနစ်တကျ ခံယူ၊ သိုလှောင်သိမ်းဆည်းပြီး UV light လို ပစ္စည်းတွေတပ်ဆင်ကာ သန့်စင်လိုက်မယ်ဆိုရင် ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးနိုင်သလို ရေထဲမှာ ရောပါနေနိုင်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ မိုးကြိုးပစ်နေချိန်မှာ မိုးရွာနေမယ်ဆိုရင် မိုးရေထဲမှာ နိုက်ထရစ် အက်ဆစ်နဲ့ ဆာလ်ဖျူရစ်အက်ဆစ် ပမာဏ အနည်းငယ်ပါဝင်နေပါတယ်။ လူကိုထိခိုက်စေနိုင်လောက်တဲ့အထိတော့ များပြားတဲ့ ပမာဏမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ညစ်ညမ်းမှုရှိတဲ့အရပ်တွေမှာတော့ မာကျူရီနဲ့ ခဲဓာတ်တွေ ပါဝင်နေနိုင်ပါတယ်။

နောက်ပြီး မိုးရေချိုးတော့မယ်ဆိုရင် သတိထားရမယ့်အချက်က ပထမဆုံးစရွာတဲ့အချိန်တွေကို ရှောင်ကျဉ်သင့်တာပဲ။ စတင်ရွာသွန်းတဲ့ မိုးရေစက်တွေထဲမှာ လေထုညစ်ညမ်းမှုနဲ့ လေထုလွှာတွေထဲက မသန့်စင်မှုတွေ ပါဝင်နေတတ်တာကြောင့်ပါ။ ဒါကြောင့် မိုးစရွာပြီး တစ်ပတ်လောက်နေမှ မိုးရေစချိုးသင့်ပါတယ်။

မိုးရေထွက်ချိုးတာ (Rain bath) နဲ့ မိုးရေချိုးတာ (Rain water bath) က မတူညီပါဘူး။ မိုးရေကို ဒီအတိုင်း ထွက်ချိုးတာက ကိုယ့်ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး မကောင်းတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုရဲ့ သက်ရောက်မှုတွေ ပါရှိလာနိုင်ခြေရှိပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိရင်တော့ တစ်မျိုးပေါ့။

မိုးရေချိုးတာ (Rain water bath) ကတော့ မိုးရေကို သန့်စင်ပြီးမှ ချိုးတာ၊ သုံးတာဖြစ်တာမို့ အထက်မှာဖော်ပြခဲ့သလို အကျိုးကျေးဇူးတွေကို အပြည့်အဝရရှိမှာဖြစ်ပြီးတော့ ခန္တာကိုယ်အတွက် အထောက်အကူဖြစ်စေမှာပါ။

Leave a Reply