
ဂန္တဝင် ခံစစ်မှူးဟောင်း နိုက်ဂျယ် ဝင်းတားဘန်းက အာဆင်နယ်အသင်းအနေနဲ့ ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဟာ အလွန်အန္တရာယ်များတဲ့ ကိစ္စဖြစ်တယ်လို့ သတိပေးစကားဆိုလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ယခုနှစ်နွေရာသီမှာ လူအင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး ယူရိုပြိုင်ပွဲဝင်အသင်းတွေက ကစားသမားတွေဖြစ်ကြတဲ့ မန်နူရယ် လိုကာတယ်လီ၊ အလက်ဇန်းဒါး အီဆက်၊ ရိုမန် ရာယမ်ချုခ်၊ ရီနာတို ဆန်းချက်စ်၊ ရူဘင် နီးဗက်စ်၊ အာရွမ် ရမ်းစ်ဒေးလ်၊ ဘန် ဝှိုက်၊ ရာဟင်းမ် စတာလင်၊ ယိုအာခင် မေးလီ၊ မာထ် မူလ်ဒါစတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေပါတယ်။ အဆိုပါကစားသမားတွေထဲကမှ လိုကာတယ်လီ၊ အီဆက်၊ ရာယမ်ချုခ်၊ ဆန်းချက်စ်၊ မေးလီနဲ့ စတာလင်တို့က သက်ဆိုင်ရာနိုင်ငံတွေအတွက် ခြေစွမ်းပြခဲ့ကြသူတွေပါ။

အဆိုပါအခြေအနေနဲ့ ပတ်သက်ပြီး ဝင်းတားဘန်းက ခုလိုမျိုး သတိပေးစကားဆိုသွားခဲ့ပါတယ်။ “သူတို့ ဒီပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတစ်ချို့ကို ချိတ်ဆက်နေတယ်လို့ သိထားရပါတယ်။ ဒါပေမယ့် ဒီအခြေအနေကို သတိထားဖို့ လိုတယ်ဆိုတာကိုတော့ ကျွန်တော် သတိပေးချင်ပါတယ်” လို့ သူက NetBet ကို ပြောသွားပါတယ်။
အဆိုပါပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ကစားသမားတစ်ချို့ရဲ့ တန်ကြေးတွေဟာ မတန်တဆ မြင့်မားလာတတ်သလို တချို့တွေဟာ ကလပ်အသင်းမှာ ခြေစွမ်းမတည်မငြိမ်ဖြစ်တတ်တဲ့ ကစားသမားတွေဖြစ်တယ်ဆိုတာကိုတောင်မှ လူတွေက မေ့လျော့သွားတတ်ကြတယ်လို့ သူက သတိပေးခဲ့ပါသေးတယ်။

“ဒီပြိုင်ပွဲမှာ ခြေစွမ်းပြနေရုံနဲ့ ခေါ်ယူဖို့ထိုက်တန်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးမဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် တိုင်းပြည်တွက်စိတ်ထည့်ကစားနေလို့ ခနတဖြုတ် ခြေစွမ်းပြနေတာလည်း ဖြစ်နိုင်ပါတယ်။ ကစားသမားက ဒီပြိုင်ပွဲကို အရမ်းအာရုံစိုက်နေတာကြောင့်ပေါ့။ ဒီကိစ္စက အရမ်းစွန့်စားမှုကြီးပါတယ်။ ကျွန်တော်က မန်နေဂျာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်သာ အာတီတာရဲ့နေရာမှာဆိုရင် ပြိုင်ပွဲတိုင်းမှာ ခြေစွမ်းတည်ငြိမ်မှုပြသခဲ့တဲ့ ကစားသမာေးတွကို ခေါ်ယူဖို့ ပိုပြီးစဉ်းစားမှာပါ” လို့လည်း သူက ဆိုခဲ့ပါတယ်။
တဖက်မှာလည်း အာဆင်နယ်အသင်းက ကွင်းလယ်လူ ဂရာနစ် ရှာခါဟာ ဆွစ်ဇာလန်အသင်းနဲ့အတူ ယူရိုမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် တန်ကြေးမြင့်တက်လာနေပြီး ခေါ်ယူလိုတဲ့အသင်းတွေလည်း တိုးပွားလာနေပါတယ်။
Source: Metro, NetBet