
အာဆင်နယ်အသင်းဟာ ကြီးမားတဲ့ရည်မှန်းချက်တွေ ထားရှိနေပြီး အသင်းကို ပြုပြင်ပြောင်းလဲနေတယ်လို့ ဆက်တိုက်ပြောဆိုနေပေမယ့် တကယ်ရည်မှန်းချက်ကြီးမားတယ်ဆိုတဲ့အကြောင်းကို သက်သေပြသနိုင်ဖို့ လိုအပ်နေသေးတယ်လို့ ကွင်းလယ်လူဟောင်း အီမန်နူရယ် ပီတစ်က သတိပေးလိုက်ပါတယ်။
ပီတစ်ကတော့ အာဆင်နယ်အသင်းရဲ့ လိုအပ်ချက်ကို လက်ရှိ အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်နေတဲ့ လူငယ်ကွင်းလယ်ဖန်တီးရှင် အီမီလီ စမစ်-ရိုးရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး သုံးသပ်ပြသွားပါတယ်။

“ကလပ်အသင်းတစ်သင်းအနေနဲ့ ကိုယ့်ကစားသမားကို ရည်မှန်းချက်ဘယ်လောက်ကြီးကြီးရှိတယ်ဆိုတာကို ပြသထားနိုင်ဖို လိုအပ်ပါတယ်” လို့ ပီတစ်က Metro ကို ပြောခဲ့ပါတယ်။ “တိုးတက်မှု၊ ယှဉ်ပြိုင်နိုင်စွမ်းနဲ့ ရည်မှန်းချက်တွေက အရမ်းအရေးကြီးတဲ့ လက္ခဏာတွေပါ။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၅-၆ နှစ်လောက် ဆက်တိုက်ကျဆင်းလာနေခဲ့တာပါ။ ဘယ်အချိန်မှာ ဒါတွေရပ်တန့်သွားမလဲ? ဒါက အာဆင်နယ်ကစားသမားတစ်ယောက်အတွက် အရေးကြီးပါလိမ့်မယ်။ ကျွန်တော်ကတော့ အသင်း ဈေးကွက်ထဲမှာ ပြုမူနေတဲ့ပုံစံကို စိုးရိမ်မကင်းဖြစ်နေဆဲပါ။ အသင်းကို ဘယ်သူတွေရောက်လာပြီး ဘယ်သူတွေ ထွက်ခွာမလဲဆိုတာကို အဆုံးသတ်မှာ သူတို့ ရွေးချယ်ရပါလိမ့်မယ်” လို့ သူကဆိုသွားပါတယ်။
“အသင်းက ကစားသမားကောင်းတွေအတွက် ငွေကြေးသုံးစွဲပြမယ်ဆိုရင် ဒါက သူတို့မှာ ရည်မှန်းချက်ကြီးကြီးရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒီရာသီက တခြားရာသီတွေနဲ့ ခြားနားနိုင်ခြေရှိပြီး အရင်တုန်းက အဆင့်အတန်းမျိုးကို ပြန်သွားချင်တဲ့သဘောလို့ ဆိုလို့ရတာပေါ့။ ကစားသမားတွေကတော့ ကိုယ့်အသင်းကို သူများအသင်းတွေနဲ့ နှိုင်းယှဉ်ပြီး သုံးသပ်ကြမှာပါပဲ။ အာဆင်နယ်က အရင်ရာသီတွေကလို ဆက်ပြီးဆိုးရွားနေဦးမှာလား? ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နိုင်စွမ်း ရှိနိုင်မလား/မရှိနိုင်ဘူးလားပေါ့လေ။ အီမီလီ စမစ်-ရိုးက အရူးမဟုတ်ပါဘူး။ သူက မေဆင် မောင့်၊ ဖီးလ် ဖိုဒန်နဲ့ ဂျက် ဂရီးလစ်ရှ်တို့နဲ့ အဆင့်အတန်းတစ်ခုထဲပါ။ သူလည်း သူတို့လို လက်ရွေးစင်အသင်းမှာ ကစားချင်မှာ၊ သူတို့လိုဖြစ်ချင်မှာ အသေအချာပါပဲ” လို့ သူက ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းသာ ယခင်နှစ်တွေတုန်းကလို သာမန်ကာလျှံကာ ခေါ်ယူမှုတွေကိုပဲ ဆက်လုပ်နေမယ်ဆိုရင် စမစ်-ရိုးသာမက တခြားထိပ်တန်းကစားသမားတွေကိုပါ လက်လွှတ်ရလိမ့်မယ်လို့လည်း ပီတစ်က သတိပေးခဲ့ပါသေးတယ်။
ဒါ့အပြင် “အက်စတွန်ဗီလာက သူ့ကို အလိုရှိနေတာက အံ့သြစရာကိစ္စတော့မဟုတ်ပါဘူး။ သူတို့ ဒီရာသီမှာ ပိုမြင့်တဲ့ရည်မှန်းချက် ရှိနေနိုင်ပါတယ်။ သူတို့မှာ ငယ်ရွယ်ပြီး ပျော်ရွှင်နေတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ စမစ်-ရိုးလည်း ဒါကို သတိထားမိမှာပါ။ သူ့ခေါင်းထဲမှာ မေးခွန်းတွေရှိနေနိုင်ပါတယ်။ အာဆင်နယ်က ဒီအတွက် အဖြေပြန်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ သူ့အနေနဲ့ ဈေးကွက်ထဲမှာ ရည်မှန်းချက်ကြီးမားတဲ့ အာဆင်နယ်အသင်းကို သေချာပေါက် မြင်ချင်နေမှာပါ။ ဒီရာသီမှာလည်း လွန်ခဲ့တဲ့နှစ်တွေတုန်းကလို အာဆင်နယ်ကိုပဲ ပြန်မြင်ရမယ်ဆိုရင် ရာသီကုန်ချိန်မှာ ကျွန်တော်တို့ အရည်အသွေးရှိတဲ့ကစားသမားတွေကို အစုလိုက်အပြုံလိုက် လက်လွှတ်ရပါလိမ့်မယ်” လို့လည်း ကွင်းလယ်လူဟောင်းက ပြောဆိုသွားပါတယ်။
Source: Metro, Football London