ရမ်းစ်ဒေးလ်တစ်ယောက် အင်္ဂလန်အသင်းရဲ့ ပထမဂိုးသမားနေရာကိုပါ ပိုင်ဆိုင်တော့မလား

အာဆင်နယ်အသင်းရဲ့ ပထမဂိုးသမားနေရာကို အပိုင်သိမ်းပိုက်လိုက်တဲ့ အာရွမ် ရမ်းစ်ဒေးလ်ဟာ လာမယ့်နှစ်မှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပထမဂိုးသမားနေရာကို ရရှိနိုင်တယ်လို့ BBC ရဲ့ သုံးသပ်သူ အဲလက်စ် ခရွတ်က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီတုန်းကမှ ရှက်ဖီးလ်ဒ် ယူနိုက်တက်နေ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ရမ်းစ်ဒေးလ်ဟာ အသင်းကို ရောက်ရှိကာစတုန်းက ပရိတ်သတ်တွေရဲ့ မယုံကြည်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် ခုချိန်မှာတော့ သူ့ရဲ့တည်ငြိမ်တဲ့လက်စွမ်းတွေကြောင့် အာဆင်နယ်ပရိတ်သတ်တွေရဲ့ အချစ်တော် ကစားသမားဖြစ်လာနေပါပြီ။

၂၃ နှစ်အရွယ် ဂိုးသမား ရမ်းစ်ဒေးလ်ဟာ လက်စွမ်းကောင်းတွေအပြင် တိကျတဲ့ ဘောလုံးဖြန့်ဝေမှုအရည်အသွေးတွေနဲ့ ခံစစ်တန်းကို ဦးဆောင်လမ်းညွှန်နိုင်စွမ်းတွေကိုပါ ထုတ်ဖော်ပြသထားပြီး အာဆင်နယ်အသင်းအတွက် သူပါဝင်ကစားပေးထားတဲ့ ပွဲစဉ် ၄ ပွဲမှာ ပေးဂိုး ၁ ဂိုးသာ ခွင့်ပြုထားရသေးတာပါ။

စပါးကစားသမားဟောင်းလည်းဖြစ်တဲ့ ခရွတ်ကတော့ အာရွမ် ရမ်းစ်ဒေးလ်ရဲ့ လက်ရှိစွမ်းဆောင်ရည်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပထမဂိုးသမားဖြစ်ဖို့ ထိုက်တန်မှုရှိတယ်လို့ဆိုခဲ့ပြီး လာမယ့်နှစ် ကမ္ဘာ့ဖလားမှာ သေချာပေါက် သူသာ ပွဲထွက်ဂိုးသမားဖြစ်လာလိမ့်မယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

“ကျွန်တော်ကတော့ သူ့ရဲ့ စွမ်းဆောင်ရည်က လက်ဖျားခါလောက်စရာကို ကောင်းလွန်းတယ်လို့ မြင်မိပါတယ်။ ကာကွယ်မှုတွေမှာတင် မဟုတ်ပါဘူး။ တုန့်ပြန်ပုံတွေ ဘောလုံးဖြန့့်ဝေပုံတွေမှာလည်း တကယ်ကောင်းတာပါ။ သူ့ရဲ့ တုန့်ပြန်ပုံနဲ့ စိတ်အားထက်သန်ပုံက ပီတာ ရှမိုက်ကယ် (ကက်စပါ ရှမိုက်ကယ်၏ ဖခင်) လိုမျိုးပါပဲ။ သူက တကယ်ကောင်းတဲ့ ခေါင်းဆောင်တစ်ယောက်လည်းဖြစ်ပါတယ်” လို့ ခရွတ်က talkSPORT ကို ပြောဆိုခဲ့တာပါ။ “ရမ်းစ်ဒေးလ်က တကယ်ခမ်းနားတဲ့ ဂိုးသမားတစ်ယောက်ပါ။ သူက လာမယ့်နှစ် ကမ္ဘာ့ဖလားမှာ အင်္ဂလန်ရဲ့ နံပါတ် ၁ ဖြစ်လာနိုင်ပါတယ်။ ဒီအတိုင်းဆက်ပြီး လက်စွမ်းပြနေမယ်ဆိုရင် အဲ့ဒီနေရာက သူ့အတွက်ဆိုတာ သေချာပါတယ်” လို့လည်း သူကဆိုသွားပါသေးတယ်။

လက်တလောမှာတော့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပထမဂိုးသမားဟာ အဲဗာတန်အသင်းက ဂျော်ဒန် ပစ်ဖို့ဒ်ဖြစ်ပြီး ရမ်းစ်ဒေးလ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲတုန်းက အင်္ဂလန်ရဲ့ တတိယဦးစားပေး ဂိုးသမားအဖြစ်သာ သတ်မှတ်ခံခဲ့ရပါတယ်။

Source: talkSPORT, TBR

Leave a Reply