ရမ်းစ်ဒေးလ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဖြစ်လာလိမ့်မယ်လို့ အသင်းဖော်ဟောင်း ချီးမွမ်း

အာဆင်နယ်အသင်းပစ်မှတ်ထားနေတဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်ဂိုးသမား အာရွမ် ရမ်းစ်ဒေးလ်ဟာ မကြာခင်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားတစ်ဦးဖြစ်လာမယ့် ကစားသမားဖြစ်တယ်လို့ အသင်းဖော်ဟောင်း အက်စ်မီယာ ဘီဂိုဘစ်က ပြောဆိုလိုက်ပါတယ်။

လက်ရှိ အဲဗာတန်အသင်းမှာကစားနေတဲ့ ဘော့စနီးယားဂိုးသမား ဘီဂိုဘစ်ဟာ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် အာရွမ် ရမ်းစ်ဒေးလ်နဲ့ ဘုန်းမောက်သ်အသင်းမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ အတူတွဲဖက်ကစားခဲ့ဖူးပြီး ရမ်းစ်ဒေးလ်က ၂၀၁၉ ခုနှစ်မှာ သူ့ရဲ့ ပထမပွဲထွက်ခွင့်ကို သိမ်းပိုက်သွားခဲ့တာပါ။

ဘီဂိုဘစ်ကတော့ ရမ်းစ်ဒေးလ်ဟာ ထိပ်တန်းအဆင့်လက်စွမ်းမျိုးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး နှစ်အနည်းငယ်အတွင်း တစ်နိုင်ငံလုံးမှာ အကောင်းဆုံး ဂိုးသမားဖြစ်လာမယ့်သူဖြစ်ပြီး အာဆင်နယ်အသင်းအတွက် မှန်ကန်တဲ့ခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ ဆိုသွားခဲ့ပါတယ်။

“သူက ဒီတိုင်းပြည်ရဲ့ အကောင်းဆုံးထဲက တစ်ယောက်ဖြစ်လာမှာပါ။ သူ ဒါကို သက်သေပြထားပြီးသားပါ။ အကောင်းဆုံး လယ်ဗယ်ကို သူတနေ့ရောက်လာပါလိမ့်မယ်။ သူ့မှာ အရမ်းကောင်းတဲ့ အရည်အသွေးတွေ ရှိနေပါတယ်။ သူက ထပ်ပြီးတိုးတက်လာဦးမယ့် ကစားသမားတစ်ယောက်ပါ။ သူ့ကို (အာဆင်နယ်လို) ထိပ်တန်းအသင်းတွေက ချိတ်ဆက်နေတာကို ကျွန်တော် မအံ့သြပါဘူး။ သူက သူ့ရဲ့ ပင်ကိုယ်အရည်အသွေးကို ထုတ်ဖော်ပြသခဲ့ပြီးသားမို့ပါ။ အကောင်းဆုံး ဂိုးသမားတစ်ယောက်ဖြစ်လာနိုင်တဲ့ အလားအလာမျိုးတွေ သူ့ဆီမှာ ရှိနေပါတယ်” လို့ သူက talkSPORT ကို ပြောဆိုခဲ့ပါတယ်။

မန်စီးတီး တိုက်စစ်မှူးဟောင်း ထရီဗာ ဆင်ကလဲယားကလည်း ရမ်းစ်ဒေးလ်ဟာ အာဆင်နယ်အတွက် မှန်ကန်တဲ့ ခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ ထောက်ခံစကားဆိုသွားခဲ့ပါသေးတယ်။ “မာတီနက်ဇ်ကို ဗီလာဆီ လက်လွှတ်လိုက်တေ့ ကျွန်တော်တို့ နားမလည်ခဲ့ကြပါဘူး။ ဒီလောက်ကောင်းနေတဲ့ ကစားသမားကို အာဆင်နယ် ဘာလို့ လက်လွှတ်ခဲ့သလဲပေါ့။ ခုချိန်မှာတော့ သူတို့ လီနိုရဲ့ နေရာကို တိုက်ရိုက်အစားဝင်နိုင်တဲ့ ဂိုးသမားကို လိုက်နေပါပြီ။ ရမ်းစ်ဒေးလ်ကို ခေါ်ယူဖို့ ကြိုးပမ်းတာက တကယ်ကောင်းတဲ့ ကြိုးပမ်းမှုပါ။ အာဆင်နယ်က အင်အားကြီးအသင်းတစ်သင်းပါ။ အာဆင်နယ်မှာ သူ လေ့ကျင့်ခန်း ဆင်းချိန်မှာ သူ့အရည်အသွေးကို အသင်းဖော်တိုင်း ခံစားမိကြပါလိမ့်မယ်။ သူက အာတီတာအတွက် အလွန်ကောင်းမွန်တဲ့ ခေါ်ယူအားဖြည့်မှု ဖြစ်လာမယ့် သူပါ” လို့ ဆင်ကလဲယားက ဆိုသွားခဲ့ပါတယ်။

ရှက်ဖီးလ်ယူနိုက်တက်အသင်းဟာ လက်တလောမှာ အာဆင်နယ်အသင်း အလိုရှိနေတဲ့ အာရွမ် ရမ်းစ်ဒေးလ်ရဲ့ တန်ကြေးကို ပေါင် ၃၂ သန်း သတ်မှတ်ထားပြီး အာဆင်နယ်အသင်းကတော့ ပေါင် သန်း ၃၀ အောက် ပမာဏတစ်ရပ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

Source: tlakSPORT

Leave a Reply