ရာသီတုပ်ကွေးလား? ကိုဗစ် လား?

၂၀၁၉ က ဒီဇင်ဘာလကတည်းက စတင်ခဲ့တဲ့ ကိုဗစ် ရောဂါဆိုးကြီးဟာ ကမ္ဘာတစ်လွှားမှာ ကပ်ဘေးကြီးတစ်ခုအသွင်နဲ့ ဒုက္ခပေးနေတာ ခုချိန်ထိပဲဆိုပါတော့။

လူတွေမှာလည်း တစ်နေ့တစ်နေ့ COVID-19 သတင်းတွေချည်း ကြားနေကြရတော့ ကိုယ့်ခန္တာကိုယ်က တစ်ခုခု ချို့ယွင်းလာရင်တောင် ဒီရောဂါစွဲကပ်ပြီလားလို့ တွေးပူနေကြရပါတယ်။ ချောင်းလေးဆိုးလည်း စိတ်ပူရ၊ ကိုယ်ပူချိန်မြင့်လည်း စိတ်ပူရနဲ့ ဘာဝေဒနာခံစားရ ခံစားရ COVID-19 လားလို့ တွေးတွေးပူနေရတာက အလုပ်တစ်ခုလိုပါပဲ။

တစ်ဖက်မှာလည်း နှစ်စဉ်ကြုံတွေ့နေကြပြဿနာဟောင်း ရာသီတုပ်ကွေးကလည်း ဒုက္ခပေးနေပြန်ပါတယ်။ ရာသီတုပ်ကွေး (Influenza) ရော၊ ကိုရိုနာဗိုင်းရပ် (COVID-19) ရောဟာ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တဲ့ ဝေဒနာတွေဖြစ်ကြပြီး တစ်ချို့သော ပိုးကူးစက်ခံရတဲ့လက္ခဏာတွေကလည်း ဆင်တူနေတာမို့ ယုန်ထင်ကြောင်ထင်နဲ့ သောကပွားစရာ အခြေအနေပါ။

ဖျားတဲ့အခါ စကားတိုတိုတုတ်တုတ်နဲ့ နေထိုင်မကောင်းဘူးလို့ အလွယ်တကူသုံးလိုက်ကြပေမယ့် ကိုဗစ်လား၊ တုပ်ကွေးလားဆိုတာကို ကွဲကွဲပြားပြား သိထားဖို့တော့ လိုအပ်တယ်မဟုတ်လား။ ဒါကြောင့် တုပ်ကွေး (Influenza) နဲ့ ကိုရိုနာဗိုင်းရပ် (COVID-19) တွေရဲ့ တူမယောင်နဲ့ ကွဲပြားတဲ့ လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။

ရာသီတုပ်ကွေးလက္ခဏာတွေ

မိုးရာသီဆိုတာ တုပ်ကွေးဝေဒနာအမျိုးအစားစုံနဲ့ ဗိုင်းရပ်စ်မျိုးစုံ ထကြွသောင်းကျန်းကြတဲ့ကာလဖြစ်ပါတယ်။ ရုတ်တရက်ဆိုရင် တုပ်ကွေးဝေဒနာဟာ အအေးမိတာနဲ့လည်း ဆင်တူနေတတ်ပါတယ်။

အအေးမိတာက ရက်အနည်းငယ်အကြာမှာပျောက်ကင်းသက်သာသွားပေမယ့် တုပ်ကွေးကတော့ ဒီလိုမဟုတ်ပါဘူး။ တုပ်ကွေးက လူတစ်ဦးဆီကနေတစ်ဦးဆီကို ကူးစက်နိုင်ပြီး ရောဂါအစပျိုးချိန်က (၁) ရက်ကနေ (၄) ရက်အထိ ကြာမြင့်နိုင်ပါတယ်။ အဖျားပျောက်ကင်းချိန်ကတော့ ကူးစက်ခံရတဲ့ရောဂါပိုးရဲ့ ပြင်းထန်မှုအပေါ်မူတည်ပြီး (၅) ရက်ကနေ သီတင်းပတ် (၂) ပတ်အထိ ကြာမြင့်နိုင်ပါတယ်။

တုပ်ကွေးဟာ ဒီနေ့မှာ ဖျားမယ်လို့တောင် အရိပ်အယောင်သိပ်မမြင်ရဘဲ အကောင်းကြီးကနေ နောက်တစ်နေ့မှာ ဘယ်လိုမှ နေသာထိုင်သာမရှိအောင် အပျင်းအထန်ဖျားနာသွားနိုင်တဲ့ အခြေအနေပါ။ အရမ်းမြန်တဲ့ ဖျားနာမှုတစ်မျိုးဖြစ်ပါတယ်။ ပုံမှန်ဖြစ်ပျက်လေ့ရှိတဲ့ တုပ်ကွေးဝေဒနာရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

လည်ချောင်းနာမယ်၊

ခေါင်းကိုက်မယ်

နှာချေမယ်၊

ချောင်းဆိုးမယ်၊

ကြွက်သားတွေ နာကျင်မယ်၊

မောပန်းနွမ်းနယ်မယ်၊

ချမ်းတုန်မယ်၊

ကိုယ်ပူမယ်၊

နှာရည်ယို နှာပိတ်မယ်

သီတင်းပတ် (၂) ပတ်လောက်အထိ နေလို့မကောင်းဖြစ်နေမယ်

မအီမသာဖြစ်မယ်၊ အော့အန်မယ်

ကိုယ်လက်ကိုက်ခဲမယ်။

ကလေးငယ်တွေ တုပ်ကွေးဝေဒနာခံစားရတဲ့အခါမျိုးမှာ ဝမ်းသွားတာနဲ့ အော့အန်တာမျိုးတွေ ကြုံရတတ်ပါတယ်။ အိမ်မှာတစ်စုံတစ်ယောက်များ တုပ်ကွေးဖြစ်ပီဆိုတာနဲ့ ကျန်တဲ့ အိမ်သားတွေပါ ကူးစက်ဖို့ အလားအလာများတာကြောင့် တုပ်ကွေးဟာ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ထားဖို့လိုအပ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

COVID-19 လက္ခဏာများ

အများသိတဲ့အတိုင်းပဲ COVID19 ရဲ့ ရောဂါလက္ခဏာတွေက ဖျားမယ် ၊ ချောင်းဆိုးမယ် ၊ ပင်ပန်းနွမ်းနယ်တာတွေက အများစုမို့ ရုတ်တရက်ဆိုရင် သာမန်နေမကောင်းဖြစ်ခြင်းနဲ့ နီးစပ်နေတတ်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ  လက္ခဏာတွေကလည်း COVID-19 တစ်ခုတည်းမှာ ပြသတတ်တာမဟုတ်ဘဲ အဆုတ်ရောင်တာ၊ တီဘီဖြစ်တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

လူတစ်ယောက်မှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် အဓိကအားဖြင့် ပြသလာမယ့် ရောဂါ လက္ခဏာတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။ ကိုဗစ် ရောဂါပိုး ကူးစက်ခံရပြီဆိုရင်

ကိုယ်အပူချိန်မြင့်မယ် (၂ ရက် ၃ ရက်လောက်အထိ ကိုယ်အပူချိန်က မကျဘဲ ဖြစ်နေမယ်)၊

ချောင်းခြောက်ဆိုးမယ်၊

အသက်ရှူရခက်မယ်၊ အသက်ရှူမဝဖြစ်မယ်၊

လည်ချောင်းနာမယ်၊

ပင်ပန်းနွမ်းနယ်နေမယ်၊

အစားအသောက်ပျက်မယ်၊

အနံ့ အရသာခံစားမှု အာရုံပျက်မယ်၊

ခြေချောင်းတွေမှာ ယားနာတွေ ပေါက်မယ်၊

ကြွက်သားတွေ နာကျင်မယ်၊ စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဒီလက္ခဏာတွေဟာ ပိုးကူးစက်ခံရပြီး ၅ ရက်နေကနေ ၁၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ အဖြစ်နည်းပေမယ့် ကြုံလာရနိုင်တဲ့ တခြားလက္ခဏာတွေကတော့ ဝမ်းပျက်တာ၊ ဗိုက်အောင့်တာနဲ့ အော့အန်တာတွေပဲဖြစ်ပါတယ်။

ကိုဗစ် လား၊ ရာသီတုပ်ကွေးလား

COVID-19 နဲ့ ရာသီတုပ်ကွေးကို အဓိက ခွဲခြားပေးတာက ရောဂါပျိုးချိန်နဲ့ ရောဂါကူးစက်နှုန်းလို့ WHO က ဆိုထားပါတယ်။ ရာသီတုပ်ကွေးဟာ ရောဂါပျိုးချိန် ၃ ရက်ဝန်းကျင်သာ ကြာမြင့်တတ်ပြီး ကိုဗစ်ကတော့ ၅ ရက်ကနေ ၆ ရက်လောက်အထိ ကြာမြင့်ပါတယ်။ အဖျားစတင်ပြီး ၃ ရက်ကနေ ၅ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေကိုပြသလေ့ရှိပြီးတော့ ကိုဗစ်ကတော့ ၂၄ နာရီ ကနေ ၄၈ နာရီအကြားကာလမှာတင် အဓိက လက္ခဏာတွေ ပြသမှာဖြစ်ပါတယ်။

COVID-19 နဲ့ သာမန်တုပ်ကွေးတို့အကြား ခြားနားချက်က ရိုးရိုးတုပ်ကွေးဝေဒနာခံစားရသူတွေမှာ အသက်ရှူမဝဖြစ်တာ၊ အသက်ရှူရခက်တာတွေ ဖြစ်လေ့ဖြစ်ထမရှိတာပဲဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ ရာသီတုပ်ကွေး ကူးစက်မှုမှာ ကလေးတွေဟာ ရောဂါပြန့်ပွားစေဖို့ အဓိကျတဲ့အချက်ဖြစ်တယ်လို့ ဆိုထားတာပါပဲ။ ကိုဗစ်မှာကတော့ ကလေးတွေမှာ ရောဂါကူးစက်မှုနှုန်းနဲ့ ရောဂါကြောင့်ထိခိုက်မှုနှုန်း နည်းပါးပါတယ်။

ဒီလောက်ဆိုရင်တော့ ကိုဗစ်နဲ့ တုပ်ကွေးကို အကြမ်းဖျဉ်းနားလည်သဘောပေါက်ကြလိမ့်မယ်လို့ ယူဆပါတယ်။ တကယ်လို့ ကိုယ်က ဖျားနာနေပြီး ဘာဝေဒနာမှန်းမသိဘူးဆိုရင် ကိုယ့်ရဲ့ ရောဂါလက္ခဏာတွေနဲ့ အခံရောဂါ အခြေအနေအားလုံးကို သက်ဆိုင်ရာ ကျန်းမာရေးဌာနထံ အသိပေးပြီး စစ်ဆေးကုသတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

Leave a Reply