ရာသီသစ်မှာ ဝေဖန်သူတွေမှားယွင်းကြောင်း အာဆင်နယ်သက်သေပြနိုင်မလား

talkSPORT သတင်းဌာနက သုံးသပ်သူ ဒန်နီ မာဖီက အာဆင်နယ်အသင်းဟာ လာမယ့်ရာသီသစ်မှာ အံ့အားသင့်ဖွယ်ရာတွေကို စွမ်းဆောင်ပြနိုင်မှာဖြစ်ပြီး ဝေဖန်သူတွေမှားယွင်းကြောင်း သက်သေပြသနိုင်လိမ့်မယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

နည်းပြအာတီတာရဲ့ အာဆင်နယ်အသင်းဟာ ၂ ရာသီဆက်တိုက် အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ပြီးခဲ့ရာသီကုန်စွမ်းဆောင်ရည်အရ ဥရောပဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့တဲ့အသင်းဖြစ်ပါတယ်။

ဒါကြောင့်လည်း အာဆင်နယ်အသင်းဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့ကာလမှာတော့ အသင်းမှာ အံမဝင်ဖြစ်နေတဲ့ကစားသမားတွေကို ရှင်းထုတ်ပြီး လိုအပ်တဲ့ဖြည့်တင်းမှုတွေကို ပြုလုပ်ဖို့ အပြင်းအထန်ကြိုးပမ်းနေတာပါ။

လီဗာပူးလ်နဲ့ ဖူလ်ဟမ်ကွင်းလယ်လူဟောင်း ဒန်နီ မာဖီကတော့ ဂန်းနားတွေ ထူးခြားတာတွေပြုလုပ်ပြီး လူတွေကို အံ့အားသင့်စေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ “(သူတို့ ထူးခြားတာတွေ လုပ်ဆောင်ပြတော့မယ်ဆိုတာကို) ကျွန်တော် အလိုလိုသိနေပါတယ်။ ဘာကြောင့် ဒီလောက် ယုံကြည်မိနေတာလဲဆိုရင်တော့ ကျွန်တော်လည်း မရှင်းပြတတ်ပါဘူး။ ဥရောပ ဝင်ခွင့်နဲ့လွဲချော်ခဲ့သလို ဈေးကွက်ထဲမှာလည်း လိုအပ်တဲ့လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်ပြနေတာကြောင့်ဖြစ်နိုင်ပါတယ်။ အာဆင်နယ်အနေနဲ့ အံ့အားသင့်စရာအနည်းငယ်ကို လုပ်ဆောင်ပြနိုင်မှာပါ” လို့ သူက talkSPORT ကို ပြောဆိုခဲ့တာပါ။

” ရာသီသစ်ရဲ့ အစက သူတို့အတွက် ခက်ခဲကြမ်းတမ်းနိုင်ပါတယ်။ ဒါပေမယ့် သူတို့မှာ အားကိုးအားထားပြုစရာ ဆာကာ၊ စမစ်-ရိုးတို့လို လူငယ်ကြယ်ပွင့်တွေလည်း ရှိနေပါပြီ။ ပါတေးကလည်း ကြံ့ခိုင်မှုပြန်ပြည့်လာပါပြီ။ သူ့ရဲ့ အကောင်းဆုံး အရည်အသွေးတွေကို မြင်နိုင်တော့မှာပါ။ အူဘာမီယန်းအတွက်လည်း ပြီးခဲ့တဲ့ရာသီတစ်ခုတည်းပဲ ရာသီဆိုးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အာဆင်နယ်က အရမ်းအများကြီး အံ့အားသင့်စရာတွေ မစွမ်းဆောင်ပြနိုင်ရင်တောင်မှ လူတွေရဲ့ သူတို့အပေါ် အမြင်တွေမှားယွင်းတယ်ဆိုတာကိုတော့ သေချာပေါက် သက်သေပြနိုင်မှာသေချာပါတယ်” လို့ မာဖီက ဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိအပြောင်းအရွှေ့ကာလမှာ ဘယ်နောက်ခံလူ နူနို တာဗာရက်စ်နဲ့ ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါတို့ကို ခေါ်ယူထားပြီး ဗဟိုခံစစ်မှူး ဘန်ဝှိုက်ကိုခေါ်ယူဖို့လည်း သဘောတူညီချက်ရယူထားပါတယ်။ ဆက်လက်ပြီးလည်း ဂိုးသမား၊ ကွင်းလယ်တိုက်စစ်၊ ကွင်းလယ်ဗဟိုနဲ့ တိုက်စစ်မှူးနေရာတွေကို ဖြည့်တင်းဖို့ စီစဉ်နေပါတယ်။

Source: Express, talkSPORT

Leave a Reply