
အန်ဒါလက်ချ်အသင်းမှာ ကစားနေတဲ့ ဝက်စ်ဟမ်းကစားသမားဟောင်း ဂျို့ရှ် ကူလန်က ဝက်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ရဲ့ တန်ကြေးဟာ ပေါင် သန်း ၁၀၀ ဆိုရင် အာဆင်နယ်လူငယ် ဆမ်ဘီ လိုကွန်ဂါရဲ့ တန်ကြေးဟာလည်း ရိုက်စ်နဲ့အတူတူပဲလို့ မှတ်ချက်ပြုလိုက်ပါတယ်။
ကစားသမား ၂ ဦးလုံးနဲ့ တွဲဖက်ကစားခဲ့ဖူးတဲ့ ကူလန်က အဆိုပါ ကြယ်ပွင့် ၂ ဦးဟာ အားသန်တဲ့နေရာခြင်းမတူညီကြပေမယ့် ၂ ဦးလုံးရဲ့ခြေစွမ်း၊ အရည်အသွေးနဲ့ အဆင့်အတန်းဟာ တူညီတယ်လို့ ဆိုသွားခဲ့ပြီး သူ့အမြင်မှာ လိုကွန်ဂါက ကောင်းတဲ့ကွင်းလယ်လူဖြစ်တယ်လို့ ဆိုခဲ့တာပါ။

ကူလန်ကတော့ လိုကွန်ဂါဟာ ထိပ်တန်းအရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ လူငယ်ကွင်းလယ်လူတစ်ဦးဖြစ်ပြီး အာဆင်နယ်လိုအသင်းကြီးမျိုးကို ရောက်ရောက်ခြင်းမှာတင် ခြေစွမ်းကောင်းပြသနိုင်ခဲ့တာက သက်သေပဲလို့ ဆိုသွားပါတယ်။
ဒါပေမယ့်လည်း လိုကွန်ဂါရဲ့ အကောင်းဆုံးခြေစွမ်းကို နည်းပြအာတီတာက မြေတောင်မြှောက်ပေးနိုင်ဖို့လိုအပ်လိမ့်မယ်လို့လည်း ဆိုသွားခဲ့ပြီး အဆိုပါဘယ်လ်ဂျီယံ ကြယ်ပွင့်လေးဟာ သူ့မှာရှိနေတဲ့ အရည်အသွေးတွေကို အကုန်မဖော်ထုတ်နိုင်သေးဘူးလို့ ကူလန်က သတိပေးသွားခဲ့ပါတယ်။

“ဆမ်ဘီက ထိပ်တန်းကစားသမားပါ။ အာဆင်နယ် ပရိတ်သတ်တွေအနေနဲ့ ဒါကို ခံစားမိပါလိမ့်မယ်။ အသင်းကိုရောက်ပြီး ဘာမှမကြာသေးခင်မှာတင် သူက အသားတကျ ကစားပြနေတာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူက ၂၁ နှစ်အရွယ် လူငယ်တစ်ယောက်ဖြစ်နေဆဲပါ။ သူမှာ တိုးတက်စရာတွေ ကျန်နေပါသေးတယ်။ သက်သေပြစရာတွေလည်း အများကြီးလိုအပ်နေပါသေးတယ်။ ဒါပေမယ့် သူက ခုချိန်ကတည်းက ပရီးမီးယားလိဂ်မှာ ပေမှီဒေါက်မှီ ကစားနိုင်တဲ့ အရည်အသွေးမျိုး ပိုင်ဆိုင်ထားပါတယ်” လို့ သူက ဆိုခဲ့ပါတယ်။
“သူက ကျွန်တော် တွဲကစားခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးကွင်းလယ်လူပါ။ အာဆင်နယ်က မှန်ကန်တဲ့ ရင်းနှီမြှုပ်နှံမှု လုပ်နိုင်ခဲ့တာပါ။ သံသယဝင်စရာမရှိပါဘူး၊ သူ အာဆင်နယ်မှာ အောင်မြင်ပါလိမ့်မယ်။ သူ့ရဲ့ အကောင်းဆုံးတွေကို မြင်ရချိန်မှာ အာဆင်နယ်ပရိတ်သတ်တွေ ကျေနပ်ပျော်ရွှင်ကြရလိမ့်မယ်လို့ ကျွန်တော်ပြောရဲပါတယ်”လို့ ကူလန်က ဆိုသွားခဲ့ပါသေးတယ်။
Source: Football London