ရှာခါကို စာချုပ်သစ်ချုပ်ဆိုတာက မှန်ကန်တဲ့ လုပ်ရပ်လား

အာဆင်နယ်ဂန္တဝင်ဟောင်း မိုက်ကယ် သောမတ်က အာဆင်နယ်အသင်းက ကွင်းလယ်လူ ဂရာနစ် ရှာခါကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးပမ်းတာဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပြီး ရေရှည်အတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

သောမတ်က ရှာခါကို တန်ရာတန်ကြေးမရရှိပဲ ရောင်းထုတ်တာထက်စာရင် စာချုပ်သစ်ချုပ်ဆိုလိုက်တာက လူစာရင်းကို အင်အားတောင့်တင်းစေမှာဖြစ်သလို ခြေစွမ်းမပြသနိုင်ခဲ့ရင်တောင်မှ ရေရှည်မှာ တန်ရာတန်ကြေးနဲ့ ရောင်းချဖို့ အခွင့်အရေး ရရှိလာစေမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

“ခင်ဗျားဟာ မီခယ် ဒါမှမဟုတ် အာဆင်နယ်အာဏာပိုင်တွေဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေကို အကျိုးရှိရှိစိစစ်အသုံးပြုဖို့ ဆန္ဒရှိမှာသေချာပါတယ်။ အသင်းမှာရှိတဲ့ ကစားသမားကောင်းတွေကို တတ်နိုင်သမျှ ထိမ်းသိမ်းဖို့ ခင်ဗျားလည်း ဆန္ဒရှိမှာပါပဲ။ ဒီအချက်ကပဲ ဂရာနစ်ကို အသင်းမှာဆက်ရှိနေပြီး အသင်းမပြောင်းရွှေ့ဖြစ်အောင် တားဆီးနိုင်ခဲ့တာပါ။ အာတီတာက သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်တယ်လေ” လို့ သောမတ်က CaughtOffside ကို ပြောဆိုခဲ့ပါတယ်။

“တကယ်လို့ အသင်းက သူတို့လိုချင်တဲ့ ကစားသမားကို အဆင်ပြေပြေဝယ်ယူဖို့ အခက်ကြုံနေမယ်ဆိုရင် အသင်းမှာရှိနေတဲ့ အရည်အသွေးမြင့်ကစားသမားကို ဆက်လက်ထိမ်းသိမ်းထားတာက နည်းလမ်းမှန်ဖြစ်ပါတယ်။ စာချုပ်ကိစ္စမှာတော့ အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်း ၁ နှစ်ပဲကျန်တော့တဲ့ သူ့ကို ရေရှည်မှာ အလွတ်လက်မလွှတ်လိုတာရယ် သူ့အပေါ် မျှော်လင့်ချက်ရှိနေသေးတာရယ်ကြောင့် ခုလို ကမ်းလှမ်းခဲ့တာဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြော ဒါက ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုပါ” လို့လည်း သူက သုံးသပ်ခဲ့ပါတယ်။

“အာတီတာအနေနဲ့ ရှာခါဆက်ရှိနေတာဟာ အသင်းရဲ့ လူစာရင်းအတွက် အကျိုးဖြစ်ထွန်းနိုင်စေလိမ့်မယ်လို့ တွေးထင်ထားပုံရပါတယ်။ ဒါကြောင့်လည်း စာချုပ်သစ်နဲ့ ချဉ်းကပ်ခဲ့တာပါ။ တကယ်လို့ သူက အသင်းမှာ ခြေစွမ်းမပြသနိုင်ခဲ့ဘူးဆိုရင်တောင်မှ ဒီစာချုပ်ကြောင့် အနာဂတ်မှာ တန်ရာတန်ကြေးနဲ့ရောင်းချနိုင်ဖို့ အခွင့်အလမ်းရလာမှာပါ။ ဒါတကယ်ကောင်းတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျွန်တော်ကတော့ အာဆင်နယ်ပရိတ်သတ်တွေ မန်နေဂျာဖြစ်သူက ဘာကြောင့် ဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲဆိုတာကို နားလည်သဘောပေါက်မယ်လို့ ယုံကြည်ပါတယ်” လို့လည်း သောမတ်က ပြောဆိုသွားပါတယ်။

၂၀၁၆ ခုနှစ်တုန်းက မိုချန်ဂလက်ဘတ်အသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဆွစ်ဇာလန်ကွင်းလယ်လူ ရှာခါဟာ ဂန်းနားတွေအတွက် ပွဲပေါင်း ၂၂၀ ပါဝင်ကစားပေးထားပြီး ၁၃ ဂိုးသွင်းယူပေးထားပါတယ်။

Source: CaughtOffside

Leave a Reply