
အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ရေး ပါလာက ကွင်းလယ်လူ ဂရာနစ် ရှာခါအနေနဲ့ လက်ရှိသတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း အီတလီ ကလပ် ရိုးမားအသင်းထံကို ပြောင်းရွှေ့ကစားသင့်ပြီး အီတလီမြေက ကစားဟန်က သူ့အတွက် အံကိုက်ဖြစ်စေလိမ့်မယ်လို့ Football London ကို ပြောဆိုသွားပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကွင်းလယ်လူ ရှာခါဟာ ယခုနွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ စီစဉ်နေသူဖြစ်ပြီး စီးရီးအေကလပ် ရိုးမားအသင်းရဲ့ ကြိုးပမ်းမှုကိုခံနေရသလို သူကိုယ်တိုင်ကလည်း အဆိုပါ အသင်းထံ ပြောင်းရွှေ့ကစားလိုကြောင်း အတိတလင်း ဖွင့်ဟထားပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ ရိုးမားအသင်းကမ်းလှမ်းလာတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းဟာ အာဆင်နယ်အသင်း အလိုရှိနေတဲ့ ယူရို သန်း ၂၀ နဲ့ အတော်လေးကွာဟနေသေးတာမို့ အပြောင်းအရွှေ့ဟာ ရှေ့ဆက်မတိုးနိုင်ပဲ ကြန့်ကြာနေတာပါ။
ဂန္တဝင် ကွင်းလယ်လူဟောင်း ပါလာကတော့ ရှာခါအနေနဲ့ ရိုးမားကို ပြောင်းရွှေ့ကစားမယ်ဆိုရင် သူ့အတွက် အဆင်ပြေအံဝင်လိမ့်မယ်လို့ အကြံပြုခဲ့ပါတယ်။ “သူ ရိုးမားကို ပြောင်းဖြစ်မယ်ဆိုရင် ကျွန်တော် မြင်တာကတော့ အီတလီက သူနဲ့ကိုက်ညီတဲ့နေရာဆိုတာပါပဲ။ သူ့အတွက် အကောင်းဆုံးနေရာဖြစ်လာမှာပါ။ ကစားပွဲတွေဟာ နှေးပြီး နည်းစနစ်ပိုင်းကို အားပြုကစားကြတာမို့ သူ့ရဲ့ ဘောလုံးပေးပို့မှု စွမ်းရည်က ဒီနေရာအတွက် အကိုက်ပါပဲ” လို့ ပါလာက ဆိုသွားခဲ့ပါတယ်။

“သူ အဲ့ဒီကို ပြောင်းပြောင်း မပြောင်းပြောင်းပါ။ အာတီတာအနေနဲ့ သူ့ ပြဿနာကို သေချာပေါက် ဖြေရှင်းရမှာပါ။ ခြေစွမ်းတည်ငြိမ်မှုက ကွင်းလယ်မှာ အရေးပါပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် သဘောကျပေမယ့် အပတ်တိုင်း ခြေစွမ်းမမှန်တာကိုတော့ မကြိုက်ပါဘူး။ သူ ညံ့တဲ့ပွဲတွေမှာ Rating ၄/၁၀ လောက်အထိ ကျနေတတ်ပြီး Rating ၇/၁၀ ဝန်းကျင် ခြေစွမ်းမျိုးကို အပတ်တိုင်း မပြသနိုင်တာက သူ့ရဲ့ ပြဿနာပါ။ ဒါကိုက ရေရှည်ကစားရတဲ့ အာဆင်နယ်နဲ့ ကာလတိုပဲ ကစားပေးရတဲ့ ဆွစ်ဇာလန်တို့အကြားက သူ့ရဲ့ ခြားနားချက်ဖြစ်နိုင်ပါတယ်။ ပြောရရင် မနှစ်တုန်းက သူ့ခြေစွမ်းက အရင်ကထက်စာရင် အနည်းငယ်တိုးတက်လာပါတယ်။ ဒါပေမယ့် သူ့ရဲ့ အမြန်နှုန်းကတော့ ပရီးမီးယားလိဂ်မှာ အတော်လေးပြဿနာဖြစ်နေတုန်းပါပဲ” လို့လည်း ပါလာက သုံးသပ်သွားခဲ့ပါသေးတယ်။
အာဆင်နယ်အသင်းဟာ ဂရာနစ် ရှာခါကို ၂၀၁၆ ခုနှစ်တုန်းက မိုချန်ဂလက်ဘတ်အသင်းထံကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဆွစ်ဇာလန်သားဟာ ဂန်းနားတွေအတွက် ပွဲပေါင်း ၂၂၀ ပါဝင်ကစားပေးထားပါတယ်။
Source: Football London, Football 365