
ထိပ်တန်းသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အီတလီလက်ရွေးစင် မန်နူရယ် လိုကာတယ်လီအတွက် အာဆင်နယ်အသင်းချဉ်းကပ်နေတဲ့ အပြောင်းအရွှေ့ နည်းဗျူဟာက အလွန်အထင်ကြီးစရာကောင်းပြီး စမတ်ကျလွန်းတယ်လို့ ချီးမွမ်းစကားဆိုလိုက်ပါတယ်။
ဆက်ဆူအိုလိုကွင်းလယ်လူ မန်နူရယ် လိုကာတယ်လီကို အာဆင်နယ်အသင်းက ခေါ်ယူလိုနေပြီး ကမ်းလှမ်းမှုလည်းပြုလုပ်ထားပေမယ့် ကာယကံရှင်က ပြည်တွင်းကလပ် ယူဗင်တပ်အသင်းကို ဦးစားပေးအဖြစ် စဉ်းစားနေတာပါ။ အီတလီကလပ်အနေနဲ့လည်း အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံထားပေမယ့် ကာယကံရှင်ရဲ့ ဆန္ဒအရ ယူဗင်တပ်နဲ့ ဆွေးနွေးသွားဦးမှာပါ။

ရိုမာနိုကတော့ အာဆင်နယ်အသင်းဟာ ခုလိုဦးစားပေးအခြေအနေကို ပိုင်ဆိုင်ခွင့်မရထားပေမယ့်သူတို့ရဲ့ စမတ်ကျတဲ့ နည်းဗျူဟာကြောင့် ဘဏ္ဍာရေးအကြပ်အတည်းရှိနေတဲ့ ယူဗင်တပ်ကို ကောင်းကောင်းဖိအားပေးထားနိုင်ပြီး အသာစီးအနေအထားကို ရယူထားနိုင်နေတယ်လို့ ချီးမွမ်းသွားခဲ့ပါတယ်။
“အာဆင်နယ်က လိုကာတယ်လီကို အလိုရှိနေတယ်ဆိုတာကို ကျွန်တော် အတည်ပြုနိုင်ပါတယ်။ သူတို့က သူ့ကို ပြီးပြည့်စုံတဲ့ ကွင်းလယ်လူတစ်ယောက်အဖြစ် ရှုမြင်ထားပါတယ်။ အာဆင်နယ်အတွက်ရော ပရီးမီးယားလိဂ်အတွက်ရောပေါ့။ ဒါပေမယ့် ခုချိန်မှာတော့ သူတို့မှာ လိုကာတယ်လီကိစ္စအတွက် အတော်လေးအထာကျတဲ့ နည်းလမ်းဗျူဟာရှိနေပါတယ်” လို့ သူကဆိုခဲ့ပါတယ်။

“ယူဗီရဲ့ ပြဿနာက ဆက်ဆူအိုလိုနဲ့ သဘောတူညီချက် ရယူနိုင်ဖို့ လိုအပ်နေတာပါ။ လာမယ့်အပတ်မှာ သူတို့ ထပ်မံတွေ့ဆုံပြီး အဖြေရှာကြပါလိမ့်မယ်။ ကစားသမားအလိုက်ပေးပြီး ကမ်းလှမ်းတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူတို့သာ သဘောတူညီချက်မရခဲ့ဘူးဆိုရင် ဆက်ဆူအိုလိုက အာဆင်နယ်နဲ့ ကမ်းလှမ်းချက်ကို ခေါင်းငြိမ့်လိုက်ပါလိမ့်မယ်။ အာဆင်နယ်က ကစားသမားရဲ့ စိတ်ဆန္ဒကို လေးစားမှုပြသထားသလို ဆက်ဆူအိုလိုဆီကိုလည်း မက်မောလောက်စရာ ကမ်းလှမ်းမှုပြုလုပ်ထားပါတယ်။ သူတို့က အခွင့်အရေးနည်းနေတဲ့ အပြောင်းအရွှေ့တစ်ခုမှာ အသာစီးအနေအထားဖြစ်အောင် လုပ်ဆောင်ထားနိုင်နေတာပါ” လို့ အီတလီလူမျိုး ထိပ်တန်းနည်းပြက ဆိုသွားပါတယ်။
ဒါ့အပြင် လိုကာတယ်လီက အာဆင်နယ်အသင်းကို ငြင်းဆန်ခဲ့တယ်ဆိုတဲ့သတင်းတွေကိုလည်း သူက ငြင်းဆန်ခဲ့ပြီး ကာယကံရှင်က ပြည်ပမှာထွက်ကစားဖို့လည်း စိတ်ကူးရှိထားတယ်လို့ ဆိုသွားပါတယ်။ “အာဆင်နယ်က အခွင့်အလမ်းကောင်းရှိနေဆဲဖြစ်သလို သူတို့က လိုကာတယ်လီကို တကယ်အလိုရှိနေဆဲပါ သူတို့ ယူဗီနဲ့ ဆက်ဆူအိုလိုတို့အကြား ဘာဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်နေပါတယ်။ အကြောင်းကတော့ ကစားသမားရဲ့ ဦးစားပေးက ယူဗင်တပ်ဆိုတာကို သူတို့ သိနားလည်ထားလို့ပါ။ ဒါပေမယ့် သူက အာဆင်နယ်ကို ငြင်းဆန်ထားတာမျိုးမရှိပါဘူး။ ယူဗီကို ဦးစားပေးအနေနဲ့ စဉ်းစားနေတာပဲရှိတာပါ။ ယူဗီက အီတလီကလပ်ဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရထားတာကြောင့်ပါ” လို့ ရိုမာနိုက ရှင်းပြသွားပါတယ်။
Source: Don Robbie, Romano, HITC, Here we go