
လန်ဒန်အခြေစိုက် ထိပ်တန်းမီဒီယာ Football London က အာဆင်နယ်လူငယ်ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါကို two-for-one (တစ်ယောက်တည်းနဲ့ ၂ မျိုးအသုံးချနိုင်သူ) လို့ တင်စားလိုက်ပါတယ်။
Football London ကတော့ လိုကွန်ဂါဟာ ဘောလုံးဖြန့်ဝေမှုနဲ့ ထိမ်းချုပ်မှုကို ပိုင်နိုင်ကျွမ်းကျင်တဲ့ ရှားပါးကစားသမား အမျိုးအစားဖြစ်ပြီး အသက်အရွယ် ငယ်ရွယ်နုနယ်သေးပေမယ့် ပေါလ် ပေါ့ဘာ၊ သောမတ် ပါတေးတို့နဲ့ ထပ်တူညီလုနီးပါး ကစားပွဲရဲ့ အရှိန်ကို အတင်အချပြုလုပ်နိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်တာကြောင့် ခုလိုမျိုး two-for-one လို့ တင်စားခဲ့တာပါ။ အဆိုပါသတင်းဌာနကတော့ ဆမ်ဘီဟာ ကွင်းလယ်ဗဟိုမှာ ဘယ်လိုနည်းစနစ်နဲ့မဆို အံဝင်အောင်ကစားနိုင်တဲ့ ပါရမီရှင်လို့ သုံးသပ်ခဲ့ပါသေးတယ်။

ဆမ်ဘီ လိုကွန်ဂါဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကမှ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်နဲ့ ဘယ်လ်ဂျီယံံကလပ် အန်ဒါလက်ချ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ လူငယ်ကွင်းလယ်လူတစ်ဦးပါ။ ဒါပေမယ့် လက်တလောမှာ သူပြသနေတဲ့ စွမ်းဆောင်ရည်တွေကတော့ သူ့ရဲ့ တန်ဖိုးဟာ ပြောင်းရွှေ့ကြေးထက် သိသိသာသာပိုမြင့်မားတယ်ဆိုတာကို သက်သေပြနေပါတယ်။
လိုကွန်ဂါဟာ ပြီးခဲ့တဲ့ နော်ဝစ်ချ်နဲ့ပွဲစဉ်မှာ ဘောလုံးပေးပို့မှု ၅၂ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ သူ ပါဝင်ကစားချိန်က ၆၂ မိနစ်တည်းပါ။ ဒါပေမယ့် သူပေးပို့ခဲ့တဲ့ပမာဏဟာ နှစ်ဘက်အသင်းက ကစားသမားတွေအားလုံးရဲ့ တစ်ဦးချင်းပေးပို့မှုတွေထက် ပိုများတဲ့ အရေအတွက်ဖြစ်ခဲ့ပါတယ်။ သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ ၃ ပွဲပါဝင်ကစားခွင့်ရရှိထားပြီး တစ်ပွဲပျမ်းမျှ ၅၅ ကြိမ်အထိ ပေးပို့မှုပြုလုပ်ထားပါတယ်။

ပွဲစဉ်တိုင်းမှာ မိနစ် ၉၀ တိုင်း လျှောထိုးဖျက်ထုတ်မှု ၂.၃ ကြိမ်၊ ကြားဝင်ဟန့်တားမှု ၁ ကြိမ်၊ ရှင်းထုတ်မှု ၁ ကြိမ်နဲ့ လုယူမှု ၁ ကြိမ်စီ ပြုလုပ်ထားနိုင်နေပါတယ်။ ဒါဟာ ခံစစ်အားသန်ကွင်းလယ်လူမဟုတ်တဲ့ ကစားသမားတစ်ယောက်အတွက်တော့ အထင်ကြီးလောက်ဖွယ် စွမ်းဆောင်ရည်ပါ။
Football London ကတော့ လက်တလောမှာ ပွဲပါယ်ခံထားရတဲ့ ဂရာနစ် ရှာခါပြန်လာချိန်မှာ အာတီတာတစ်ယောက် လိုကွန်ဂါကို ဆက်လက်အသုံးပြု/မပြုဆိုတဲ့ကိစ္စဟာ စိတ်ဝင်စားစရာ ကိစ္စတစ်ခုဖြစ်တယ်လို့ ရေးသားခဲ့ပြီး ဘယ်လ်ဂျီယံသားနဲ့ နေရာယှဉ်လုရမယ့် ကစားသမားကလည်း ရှာခါမဟုတ်ပဲ ကစားပေါက်ထပ်တူညီတဲ့ သောမတ် ပါတေးသာဖြစ်ကြောင်းလည်း သုံးသပ်သွားခဲ့ပါတယ်။
Source: Football London