လိုကွန်ဂါက တိုင်လီမန်းစ်လို ထွန်းတောက်လာလိမ့်မယ်လို့ အကြီးအကဲဟောင်း သုံးသပ်

အာဆင်နယ်အသင်းကို မကြာသေးခင်ကမှ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြသနေတဲ့ လက်စတာကွင်းလယ်လူ ယူရီ တိုင်လီမန်းစ်လိုမျိုး ပရီးမီးယားလိဂ်မှာ အလျှင်အမြန်အသားကျပြီး ထိပ်တန်းအဆင့်ခြေစွမ်းမျိုး ပြသလာနိုင်လိမ့်မယ်လို့ အန်ဒန်လက်ချ်က အားကစားဒါရိုက်တာ ပီတာ ဗာဘီကီက ပြောဆိုသွားပါတယ်။

ဗာဘီကီက ၂၁ နှစ်သား ကွင်းလယ်လူအနေနဲ့ အာဆင်နယ်မှာ အထိုင်မကျတာမျိုး၊ နိုင်ငံသစ်နဲ့ အသားကျဖို့ ရုံးကန်ရတာမျိုးတွေ ကြုံဆုံရမှာမဟုတ်ပဲ အလျှင်အမြန် အံဝင်ခွင်ကျဖြစ်သွားလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

“ကျွန်တော့်အထင်တော့ သူ အသင်းသစ်မှာ ခပ်မြန်မြန်အထိုင်ကျသွားမှာပါ။ အကြောင်းကတော့ သူ့ရဲ့ နည်းစနစ်ပိုင်းအရည်အသွေးက အရမ်းကောင်းတယ်လေ။ သူ့အနေနဲ့ နိုင်ငံသစ်မှာ အသားမကျတဲ့ပြဿနာမျိုး ရင်ဆိုင်ရလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ ဗာဘီကီက ဆိုခဲ့ပါတယ်။

“သေချာတာပေါ့။ ပရီးမီးယားလိဂ်က ဘယ်လ်ဂျီယံလိဂ်ထက် အများကြီးအဆင့်ပိုမြင့်မားပါတယ်။ ဒါပေမယ့် အန်ဒါလက်ချ်က မွေးထုတ်ပေးလိုက်တဲ့ ယူရီ တိုင်လီမန်းစ်တို့ ရိုမီလူ လူကာကူတို့လည်း အဲဒီမှာ ထွန်းထောက်နိုင်ခဲ့ကြတယ်မဟုတ်လား။ လိုကွန်ဂါလည်း ဒီလိုမျိုးပဲ ဖြစ်ထွန်းဦးမှာပါ။ ဒီမှာသင်ကြားပေးလိုက်တာတွေက သူတို့ ဟိုမှာ အထိုင်ကျစေဖို့ အများကြီး အထောက်အကူဖြစ်စေမှာမို့ပါ။ ဆမ်ဘီလည်း ရှေ့က စီနီယာတွေရဲ့ ခြေရာအတိုင်း နင်းလျှောက်နိုင်ပါလိမ့်မယ်” လို့လည်း သူကဆိုသွားပါသေးတယ်။

အသက် ၂၁ နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါဟာ အန်ဒါလက်ချ်အသင်းကနေ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် ၁၈.၅ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပါတယ်။

လိုကွန်ဂါဟာ ပြီးခဲ့တဲ့ မီလ်ဝေါနဲ့ ခြေစမ်းပွဲစဉ်မှာ အသင်းအတွက် ပထမဆုံး ပါဝင်ကစားပေးခွင့်ရရှိခဲ့ပြီး တည်ငြိမ်တဲ့ခြေစွမ်းနဲ့ ကောင်းမွန်တဲ့ ဘောလုံးဖြန့်ဝေမှုတွေကို ပြုလုပ်ပြနိုင်ခဲ့ပါတယ်။

Source: Goal

Leave a Reply