လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆင်ကို ခေါ်ယူဖို့ အာဆင်နယ်တိုက်တွန်းခံရ

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က ဂန်းနားတွေအနေနဲ့ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆင်ကို ခေါ်ယူအားဖြည့်သင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ကြိုးကြာနီတွေနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တဲ့ အသက် ၃၁ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူဟာ စာချုပ်ကိစ္စညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်နေသူဖြစ်ပြီး လီဗာပူးလ်အသင်းကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို ငြင်းဆန်ပါယ်ချထားပါတယ်။

ကမ်းဘဲလ်ကတော့ ဟန်ဒါဆင်ဟာ ဦးဆောင်သူကင်းမဲ့နေတဲ့ အာဆင်နယ်အသင်းအတွက် ကွက်တိအရေးပါအရာရောက်မယ့် ကစားသမားဖြစ်ပြီး ခုလိုကာလမျိုးမှာ သူ့ကို အရခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားပါတယ်။

“သူက ပြီးပြည့်စုံမှုရှိတဲ့ ကစားသမားပါပဲ။ ၁၀၀% ပြီးပြည့်စုံတာပါ။ ကျွန်တော့်ကို ပရိတ်သတ်တွေ မေးဖူးပါတယ်။ ရီနာတို ဆန်းချက်စ်နဲ့ ဂျော်ဒန် ဟန်ဒါဆင်တို့ထဲက ဘယ်သူ့ကို ပိုလိုချင်လဲဆိုတာမျိုးပေါ့။ ပရိတ်သတ်တွေကတော့ ဆန်းချက်စ်ကို ပိုလိုချင်ကြမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုမတွေးပါဘူး” လို့ သူကဆိုခဲ့ပါတယ်။

ကမ်းဘဲလ်က သူ ဟန်ဒါဆင်ကို သဘောကျနေရတဲ့အကြောင်းအရင်းကို ခုလိုမျိုး ရှင်းပြသွားပါတယ်။ “ကျွန်တော်တို့အသင်းက ခေါင်းဆောင်သူကင်းမဲ့နေတဲ့အသင်းပါ။ ဟန်ဒါဆင်က ဒီနေရာအတွက် ကွက်တိပါပဲ။ သူ့မှာ ဦးဆောင်နိုင်စွမ်းအပြည့်အဝရှိထားပါတယ်။ သူက အသင်းကို ဦးဆောင်ပြီး ထမ်းပိုးသွားပေးနိုင်တဲ့သူမျိုးပါ။ ဟန်ဒါဆင်က အာဆင်နယ်အတွက် အံ့အားသင့်စရာ ကစားသမားဖြစ်လာနိုင်ပါတယ်။ သံသယဖြစ်စရာမလိုပါဘူး၊ သူသာရောက်လာမယ်ဆိုရင် ဘယ်လိုတွေဖြစ်လာမလဲ ကျွန်တော့်စိတ်ကူးထဲမှာ ပုံဖော်ပြီးသားပါ” လို့ ကမ်းဘဲလ်က ဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်တလောမှာ ကွင်းလယ်လူသစ်ဖြည့်တင်းဖို့ စီစဉ်နေတဲ့အသင်းဖြစ်ပြီး ရီနာတို ဆန်းချက်စ်၊ ဆန်ဒါ ဘာ့ဂျ်၊ ဒန်းနစ် ဇာကားရီးယား၊ ရူဘင် နီးဗက်စ်၊ မန်နူရယ် လိုကာတယ်လီနဲ့ ဘရူနို ဂွီမာရေးစ်တို့ကို ပစ်မှတ်ထားနေပါတယ်။

Source: Football London, Football Insider

Leave a Reply