လူတိုင်းကို ချစ်ကြည့် စမ်းပါ

ဟေ့ သူငယ်ချင်း၊ ကိုယ့်ပတ်ဝန်းကျင်က အရာအားလုံးကို ချစ်ကြည့် ပါလား? ဒီစကားကြောင့် ခေါင်းရှုပ်သွားပြီလား? မရှုပ်ပါနဲ့။ နှလုံးသားထဲမှာ အချစ်ဆိုတဲ့ နတ်ဘုရားမကို နေရာချထားကြည့်။ ကိုယ့်ရဲ့ လက်ရှိဘဝကို ချစ်ကြည့်၊ ကိုယ့်ရဲ့ ဖြစ်တည်မှု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အနီးနားကလူတွေ၊ ကိုယ်နဲ့ရင်းနှီးတဲ့ ကလေးငယ်လေးတွေ၊ နောက်ပြီး ကိုယ့်ရှင်သန်မှု။ ကိုယ်သောက်နေကျ ကော်ဖီခွက်လေးကစလို့ ကိုယ့်ကို ဟင်းရည်အပိုမထည့်ပေးတဲ့ မုန့်ဟင်းခါးသည် အဒေါ်ကြီးအထိ အားလုံးကို ချစ်ကြည့်။

အချစ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကိစ္စ သက်သက်မဟုတ်ပါဘူး။ လူတိုင်းကို ချစ်နိုင်ဖို့ဆိုတာကလည်း ခက်ခဲလှတဲ့ ကိစ္စပါ။ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ကြိုးစားကြည့်ဖို့တော့ လိုတာပေါ့။ တလောကလုံးကို၊ လူတိုင်းကို ချစ်ခင်ကြည့်စမ်းပါ။ ဒီထက်ကောင်းတဲ့ ခံစားချက်မျိုးမရှိပါဘူး။ အရာအားလုံးဟာ သာယာနေမယ်၊ လှပနေမယ်၊ ကြည်နူးငြိမ်းချမ်းစရာဖြစ်နေမယ်။ မေးစရာရှိတာက အချစ်ဆိုတာဘာလဲ? ဘာလို့အရေးကြီးတာလဲ?

အချစ်ဆိုတာ ရိုးရှင်းသလောက် မရေရာမှုတွေများလှတဲ့ စကားလုံးတစ်ခုပါ။ ဒါပေမယ့်လည်း ကလေးငယ်လေးတွေမှာ အာဟာရဓာတ်လိုအပ်သလိုမျိုး မရှိမဖြစ်တဲ့အရာလည်း ဖြစ်ပါတယ်။ သမီးရည်စားအချစ်ပဲဖြစ်ဖြစ်၊ မိသားစုချစ်ခြင်းပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းအချစ်ပဲဖြစ်ဖြစ် အချစ်ဆိုတာ စား၊ ဝတ်၊ နေရေးလို အရေးပါလှတယ်လို့ တစ်ချို့က တင်စားကြတယ်။ အချစ်ဟာ အပြုသဘောဆောင်ပြီး စိတ်ခွန်အားတက်ကြွစေတဲ့အရာ ဖြစ်တယ်၊ ဂုဏ်သိက္ခာ ဖြစ်တယ် လို့လည်းဆိုကြတယ်။ နောက်ပြီး လူတိုင်းအတွက်  မရှိမဖြစ် လိုအပ်ချက်လည်းဖြစ်ပါတယ်တဲ့။ အနောက်တိုင်းမှာတော့ လူတွေမှာ စားစရာ၊ နေစရာနဲ့ အချစ်လိုအပ်တယ်လို့ ဆိုစကားရှိပါတယ်။

လူတစ်ချို့ရဲ့ စိတ်ထဲမှာ ကြိတ်မှိတ် ခံစားနေရတတွေ ရှိနေတတ်တယ်။ စိတ်ဖိစီးမှုများတာမျိုး၊ ချစ်ခင်နှစ်သက်မှုမခံရတာမျိုး၊  အထီးကျန်နေတာမျိုးတွေပေါ့။ ပြောရရင် သူတို့ဟာ အချစ်နဲ့ ဝေးကွာနေလို့ပါပဲ။ သူတို့တွေဟာ တကယ်ကို အရေးပါတဲ့ အချက်တစ်ခုကို မေ့လျော့နေကြသူတွေပါ။ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးဖို့ဆိုတဲ့ အချက်ပါပဲ။ မိမိကိုယ်ကိုချစ်မှ သူတပါးကိုလည်း ချစ်နိုင်မှာပါ။ ဒါမှ အပြန်အလှန် ချစ်ခြင်းမေတ္တာကို ပြန်ရနိုင်မှာပါ။ ဒီကနေမှတဆင့် လူတိုင်းကို ဆက်ချစ်နိုင်မှာမဟုတ်လား။

ဟုတ်ပြီး ချစ်ကြည့် ပြီတဲ့။ ဘာတွေကောင်းလာမှာတဲ့တုန်း

  • အဆိုးမြင်မှုတွေ လျော့ပါးပျောက်ကွယ်သွားမယ် – ဟုတ်တယ်လေ။ လူတိုင်းကို မေတ္တာထား ချစ်ခင်နိုင်နေပြီဆိုမှတော့ အဆိုးမြင်တာတွေ လျော့ပါးသွားမှာအမှန်ပါပဲ။ ပတ်ဝန်းကျင်ကို ကြည့်လိုက် လူတွေဟာ အချင်းချင်းမုန်းတီးနေကြတယ်။ အိမ်ထောင်တွေကွဲကြတယ်၊ ရောဂါဘယတွေဖြန့်ဝေနေကြတယ်၊ အချင်းချင်း သေနတ်တွေနဲ့ ပစ်ခတ်နေကြတယ်။ ကိုယ်တွေရဲ့ ရင်သွေးတွေဟာ ဒါတွေကိုကြည့်ပြီး ကြီးပြင်းလာမယ်ဆိုရင်လို့ တွေးကြည့်။ ကဲ သူတို့ရဲ့ အနာဂတ် ဘာတွေဖြစ်ကုန်မလဲ?
  • မေတ္တာတရားငတ်မွတ်နေသူတွေကို ဖေးမနိုင်လိမ့်မယ် – ကမ္ဘာပေါ်မှာ ကြေကွဲဝမ်းနည်းနေတဲ့ တွေမှ အများကြီးပဲ။ သူတို့တွေက ချစ်ခြင်းမေတ္တာနဲ့ ကူညီဖေးမှုတွေကို ငတ်မွတ်နေကြတယ်။ ဘာလို့ အနီးနားကလူတွေကို မုန်းတီးရင်း အချိန်တွေဖြုန်းနေတာလဲ။ ခုလို မေတ္တာငတ်မွတ်နေသူတွေဟာ ကိုယ့်အိမ်နီးနားချင်းလည်းဖြစ်နိုင်တယ်၊ ကိုယ့်မိသားစုဝင်လည်းဖြစ်နိုင်တယ်၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်နိုင်တယ်၊ ဘတ်စ်ကားပေါ် လူစိမ်းသူစိမ်းတစ်ယောက်လည်း ဖြစ်နိုင်တာပဲ။ သူတို့ထဲက တစ်ချို့တွေဟာ ခံစားနေရရဲ့ ကြေကွဲဝမ်းနည်းမှုတွေကို အရက်လို၊ မူးယစ်ဆေးဝါးလိုအရာတွေနဲ့ ထိမ်းချုပ်နေကြရတယ်။ တကယ်တော့ သူတို့လိုအပ်နေတာဟာ ဒီအရာတွေမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာတရားသက်သက်ရယ်ပါ။
  • ချစ်ခြင်းတရားဟာ နာကျင်မှုတွေကို သက်သာစေလိမ့်မယ် – တကယ်ပါ။ အသဲကွဲနေတာပဲဖြစ်ဖြစ်၊ စိတ်ပျက်နေတာပဲဖြစ်ဖြစ် ပြန်လည်ကုစားပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းက မေတ္တာတရားနဲ့ ဖေးမပေးဖို့ပါပဲ။ ကိုယ့်ရဲ့ ချစ်ခြင်းတရားဟာ သူတို့ ငတ်မွတ်တောင့်တနေတဲ့  ရေစင်ရေပေါက် တစ်စက် ဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။ အမုန်းတရားတွေ၊ ပစ်ပယ်မှုတွေဟာ သူတို့ကို ပိုပြီးနာကျင်စေရုံပဲ စွမ်းဆောင်နိုင်ပါလိမ့်မယ်။
  • အမုန်းတရားနဲ့ အမျက်ဒေါသကို လျှော့ချနိုင်လိမ့်မယ် – တကယ်လို့ ကိုယ့်ကိုထားခဲ့တဲ့ ချစ်သူဟောင်း၊ ကိုယ့်ရှေ့ကနေ ကြားဖြတ်သွားတဲ့ ဈေးဝယ်သူတစ်ယောက်၊ လမ်းပေါ်မှာ ကိုယ့်ကို တွန်းတိုက်သွားတဲ့ လူတစ်ဦးဦး၊ ဒီလူတွေကို ဘယ်လိုတုန့်ပြန်မိမလဲ။ စိတ်ဆိုးမိမယ်၊ ဒေါသထွက်မယ်။ စိတ်လိုက်မာန်ပါ ပြောဆိုမိတာမျိုးဖြစ်မယ်။ ဒီလိုတုန့်ပြန်လိုက်လို့ ကိုယ်ပျော်သွားသလား။ No ပါ။ ဒါဆို ဘာလို့ မုန်းနေတုန်းမှာတုန်း။ သည်းခံလိုက်ပါ။ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသလိုက်ပါ။ ပြုံးပြလိုက်ပါတယ်။ ကိုယ့်ရဲ့ မေတ္တာတရားကို သူတို့လည်း ခံစားမိသွားမှာပါ။
  • ချစ်ခြင်းမေတ္တာဟာ သည်းခံခွင့်လွှတ်စိတ်ကို တိုးပွားစေမယ် – လက်ခံလိုသည်ဖြစ်စေ လက်မလိုခံသည်ဖြစ်စေ ခွင့်လွှတ်သည်းခံခြင်းဟာ ဘဝရဲ့ အဆိပ်အတောက်တွေကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဘဝတစ်ကွေ့မှာ တစ်စုံတစ်ယောက်ဆီကနေ နာကျင်စရာတွေ၊ ထိခိုက်ဝမ်းနည်းစရာတွေကြုံရမှာကတော့မ လွဲမသွေပါပဲ။ အမျက်ဒေါသတွေနဲ့ တုန့်ပြန်ပြီး ကိုယ့်ကိုယ်ကို ပူလောင်စေတော့မှာလား။ သည်းခံခွင့်လွှတ်လိုက်တာက သင့်ရဲ့ မေတ္တာတရားကို ပြသနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။ ခွင့်လွှတ်လိုက်ပါ။ ချစ်ခြင်းမေတ္တာတွေ ပေးလိုက်ပါ။ ပြီးတော့ ရှေ့ဆက်လိုက်ပါ။ နာကျည်းမုန်းတီးမှုတွေက သင့်ကိုနာကျင်စေရုံသက်သက်ပဲလေ။

ကဲ ဒါတွေကိုဖတ်ပြီးပြီဆိုရင် ကိုယ်တိုင် ချစ်ခြင်းတရားကို ခံစားကြည့်ပါ။ အချစ်ဆိုတာ ကိုယ့်ရင်တွင်းမှာ ရှိနှင့်ပြီးသား အလှတရားပါ။ ကိုယ်တိုင် ထုတ်ဖော်ပြသဖို့ပဲလိုအပ်တာလေ။ ခုကစပြီး ကိုယ့်ရဲ့ချစ်မေတ္တာတရားကို လူတိုင်းဆီ ပို့လွှတ်ကြည့်ပါ။ သင်ဟာအပျော်ရွှင်ဆုံးလူဖြစ်လာပါလိမ့်မယ်။

Leave a Reply