
အာဆင်နယ်အသင်းဟာ အင်တာမီလန်အသင်းက အာဂျင်တီးနားတိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ခေါ်ယူဖို့ စုံစမ်းချဉ်းကပ်မှုပြုလုပ်နေတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
တိုက်စစ်မှူးသစ် ခေါ်ယူဖို့ စီစဉ်နေတဲ့ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ အသက် ၂၃ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကိုပါ ထည့်သွင်းလိုက်တာဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းဟာ လက်တလောမှာ ချယ်လ်ဆီးအသင်းက အင်္ဂလိပ်တိုက်စစ်မှူး တင်မီ အေဗရာဟမ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အသင်းဖြစ်ပြီး အဆိုပါတိုက်စစ်မှူးကို ခေါ်ယူရေး အဆင်မပြေဖြစ်ခဲ့ရင် တန်ကြေး ပေါင် ၇၇ သန်း သတ်မှတ်ခံထားရတဲ့ မာတီနက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိထားရပါတယ်။
ဘဏ္ဍာရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ အင်တာမီလန်အသင်းဟာ အဓိက တိုက်စစ်မှူး ရိုမီလူ လူကာကူကိုသာ အသင်းမှာဆက်လက်ထိမ်းသိမ်းဖို့ စိတ်ကူးရှိထားပြီး တွဲဖက်အသင်းဖော် မာတီနက်ဇ်ကိုတော့ သင့်လျော်တဲ့ တန်ကြေးမျိုး ရရှိလာရင် ရောင်းထုတ်ဖို့ စိတ်ကူးရှိနေတဲ့အသင်းပါ။

The Telegraph ရဲ့ ဖော်ပြချက်အရ အင်တာမီလန်အသင်းဟာ မာတီနက်ဇ်အတွက် တန်ကြေးသတ်မှတ်ထားပြီး ယူရို သန်း ၉၀ (ပေါင် ၇၇ သန်း) ဝန်းကျင်ရရှိရင် ရောင်းထုတ်ဖို့ ဆန္ဒရှိထားကြောင်း သိထားရပါတယ်။
အာဆင်နယ်အသင်းကတော့ မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းရှိ/မရှိ စတင်စုံစမ်းနေပြီဖြစ်ပြီး အဆိုပါအပြောင်းအရွှေ့ကို အမှန်တကယ်ပြုလုပ်မယ်ဆိုရင်လည်း အင်တာမီလန်အသင်းအလိုရှိနေတဲ့ သူတို့ရဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးချကာ ချဉ်းကပ်သွားဖို့ ရှိနေပါတယ်။
Source: Daily Mail, The Telegraph