
[UNICODE]
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက နိုက်စ်အသင်းထံ အငှားချထားတဲ့ ဝီလီယံ ဆာလီဘားကို အသင်းကထွက်ခွာသွားပြီဖြစ်တဲ့ ဒေးဗစ် လူးဝီးစ်ရဲ့နေရာမှာ အစားထိုးဖို့ ပြန်ခေါ်ထားပါတယ်။ တစ်ဖက်မှာလည်း ဘရိုက်တန်နဲ့အတူထွန်းတောက်လာပြီး အင်္ဂလန်လက်ရွေးစင်အသင်းအထိ တက်လှမ်းထားနိုင်တဲ့ ဘန်ဝှိုက်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြန်ပါတယ်။
ဘန်ဝှိုက်ဟာ စွမ်းဆောင်ရည်ကောင်းတဲ့ ဗဟိုခံစစ်မှူးတစ်ယောက်ဖြစ်ပေမယ့် သူ့အတွက် ပေါင် သန်း ၅၀ လောက် သုံးရနိုင်သလို သူရောက်လာခဲ့ရင်လည်း ဝီလီယံ ဆာလီဘားရဲ့ ပွဲထွက်ခွင့်ကို ထိခိုက်လာနိုင်တာကြောင့် အာဆင်နယ်အသင်းပရိတ်သတ်တွေက ဒီကြိုးပမ်းမှုကို သဘောမကျကြပါဘူး။

ဒါပေမယ့် တဖက်မှာလည်း အင်္ဂလန်လက်ရွေးစင်လည်းဖြစ်၊ ငယ်မွေခြံပေါက်စာရင်းဝင် ကစားသမားလည်းဖြစ်သလို ပရီးမီးယားလိဂ်မှာ အသားကျပြီးသား ခံစစ်မှူးလည်းဖြစ်တဲ့ ဘန်ဝှိုက်ကို ခေါ်ယူတာက အာဆင်နယ်အသင်းအတွက် အကျိုးယုတ်စရာကိစ္စလည်းမဟုတ်ပြန်ပါဘူး။ ဟိုးလ်ဒင်း၊ ဂါဘရီယယ်၊ ဆာလီဘားနဲ့ မာရီတို့သာရှိထားတဲ့ အာဆင်နယ်ခံစစ်မှာ ဗဟိုနောက်ခံတစ်ယောက် ထပ်မံအားဖြည့်ဖို့ လိုအပ်နေတာလည်း အမှန်ပါ။
ဘန်ဝှိုက် အာဆင်နယ်ကိုရောက်လာနိုင်လားလို့ မေးလာရင်ဖြင့် ဘုရားသခင်ပဲ သိလိမ့်မယ်လို့ ဖြေရပါလိမ့်မယ်။ ဒါပေမယ့် သူရောက်လာခြင်း မလာခြင်းထက်။ သူရောက်လာသင့် မလာသင့်က ခုချိန်မှာ ပိုစိတ်ဝင်စားစရာ ကောင်းတဲ့ကိစ္စမဟုတ်လား။

ဒီတော့ ဘန်ဝှိုက်နဲ့ ဆာလီဘားတို့ရဲ့ ယမန်နှစ်ရာသီ စွမ်းဆောင်ရည်တွေကို နှိုင်းယှဉ်ချိန်ထိုးပြီး ဘယ်သူပိုကောင်းလဲ အရင်နှိုင်းယှဉ်ကြရအောင်။ ခံစစ်မှူးတစ်ယောက်အတွက် အရေးပါတဲ့ ကဏ္ဍကြီး ၃ ခုနဲ့ သူတို့နှစ်ယောက်ရဲ့ အစွမ်းအစကို နှိုင်းယှဉ်သုံးသပ်ကြည့်ပါမယ်။
ဘောလုံးပေးပို့မှု
သတိထားမိမယ်ဆိုရင် ဆာလီဘားတစ်ယောက် ပြီးခဲ့တဲ့ရာသီတုန်းက နိုက်စ်အသင်းမှာ အလွန်ကောင်းမွန်တဲ့ အဝေးဘောပေးပို့မှုတွေကို ရင်သပ်ရှုမောဖွယ် ပေးပို့ပြခဲ့တာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အမှန်ပါပဲ။ ဝီလီယံ ဆာလီဘားဟာ ခံစစ်မှူးတစ်ယောက်ဖြစ်ပေမယ့် ဘောလုံးပေးပို့မှု အလွန်ကောင်းပါတယ်။ အနီးဘောရော၊ အဝေးဘောရော တိတိကျကျပေးပို့နိုင်စွမ်းရှိသူပါ။ နိုက်စ်အသင်းမှာ အငှားသွားနေတုန်းကဆိုရင် ပြင်သစ်ကလပ်ရဲ့ တန်ပြန်တိုက်စစ် အများစုကို သူ့ရဲ့ အမြင့်ဘော ရိုက်တင်ချက်တွေကနေ စတင်ခဲ့တာပါ။ ဘောလုံးပေးပို့မှုအပိုင်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြင်သစ်သားဟာ မိနစ် ၉၀ တိုင်းမှာ ပေးပို့မှု ၆၆.၅၅ ကြိမ်ပြုလုပ်လေ့ရှိပြီး တိကျမှုနှုန်းက ၉၂.၆% အထိရှိပါတယ်။ အင်္ဂလန်သားကတော့ မိနစ် ၉၀ တိုင်းမှာ ပေးပို့မှု ၄၁.၄၆ ကြိမ်ပြုလုပ်လေ့ရှိပြီး တိကျမှုနှုန်းက ၈၃.၂% ပါ။ အာတီတာက ဆာလီဘားကို လူးဝီးစ်ရဲ့နေရာကို အစားထိုးဖို့ ရည်ရွယ်ထားတယ်လို့ ဘာကြောင့်ပြောနေတာလဲဆိုတာကို သဘောပေါက်ကြမယ်ထင်ပါတယ်။ ဒါပေမယ့် ထူးခြားတာတစ်ခုရှိပါတယ်။ ဘန်ဝှိုက်ဟာ ဆာလီဘားလောက် ဘောလုံးပေးပို့မှု မများပေမယ့် Key Pass ပေးမှုမှုမှာတော့ ဆာလီဘား (0.10 per 90 Min) ထက် ဘန်ဝှိုက် (0.23 per 90 Min) က ၂ ဆ ကျော်သာလွန်နေတာပါပဲ။

ဂိုးသွင်းယူမှုနဲ့ ဂိုးဖန်တီးမှု
ဘန်ဝှိုက်က Key Pass မှာတင် အားကောင်းတာမဟုတ်ပါဘူး။ တိုက်စစ်ကို ပါဝင်ပတ်သက်မှုမှာလည်း အတော်လေး စွမ်းဆောင်ရည်မြင်ပါတယ်။ ပျမ်းမျှ မိနစ် ၉၀ တိုင်းမှာ ကန်သွင်းဖို့နဲ့ဖန်တီးဖို့ ကြိုးပမ်းမှု က ဝ.၇၃ အထိရှိပါတယ်။ သွင်းဂိုး ပါဝင်ပတ်သက်မှုနှုန်းကလည်း ဝ.၀၈ ပါ။ ခံစစ်မှူတစ်ယောက်အတွက် Bravo လို့ ပြောရမယ့် စွမ်းဆောင်ရည်မျိုးဖြစ်ပါတယ်။ ဆာလီဘားဆိုရင် ကန်သွင်းဖို့နဲ့ဖန်တီးဖို့ ကြိုးပမ်းမှု က ဝ.၂၀ သာရှိပြီး သွင်းဂိုးပါဝင်ပတ်သက်မှုဆိုရင် ဝ.၀၀ ပါ။ ဒါက ပုံမှန်ခံစစ်မှူးတစ်ယောက်ရဲ့ စွမ်းဆောင်ရည်မျိုးပါ။ ဒီအချက်တွေကို အခြေခံပြီးကြည့်ရမယ်ဆိုရင် ဘန်ဝှိုက်ဟာ ဗဟိုခံစစ်မှူးဖြစ်ပေမယ့် တိုက်စစ်မှာ ပါဝင်ပတ်သက်နိုင်စွမ်းမြင့်မားတယ်လို့ ဆိုရမှာပါ။ ဒါကလည်း ဘရိုက်တန်ရဲ့ ၃-၄-၃ ကစားကွက်မှ ဘန်ဝှိုက်တစ်ယောက် ညာခြမ်းဗဟိုခံစစ်အဖြစ် ကစားခဲ့ရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ခံစစ်
ခံစစ်မှူးတစ်ယောက်အတွက် အရေးအကြီးဆုံးကတော့ ခံစစ်စွမ်းဆောင်ရည်ပါပဲ။ ခံစစ်မှာ အသုံးမကျရင် တိုက်စစ်မှာ ဘာလုပ်ပြနေနေ ဘာမှထူးမှာမဟုတ်ဘူးလေ။ ခံစစ်ကြယ်ပွင့်လေး ၂ ယောက်ရဲ့ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်ရအောင်။ ဆာလီဘားဟာ မိနစ် ၉၀ တိုင်းမှာ ပျမ်းမျှ ဖျက်ထုတ်မှု ၁.၅၈ ကြိမ်၊ အောင်မြင်စွာလုယူမှု ၄.၀၁ ကြိမ်၊ ပိတ်ဆို့တားဆီးမှု ၁.၉၅ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဘန်ဝှိုက်ကတော့ မိနစ် ၉၀ တိုင်းမှာ တိုင်းမှာ ပျမ်းမျှ ဖျက်ထုတ်မှု ၁.၂၇ ကြိမ်၊ အောင်မြင်စွာလုယူမှု ၂.၂၀ ကြိမ်၊ ပိတ်ဆို့တားဆီးမှု ၁.၄၀ ကြိမ် ပြုလုပ်ခဲ့ကို တွေ့ရပါလိမ့်မယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦးမှာ ဘယ်သူက ခံစစ်စွမ်းဆောင်ရည် ပိုသာလွန်လဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ကြမယ်ထင်ပါရဲ့။

ဒီတော့ အနှစ်ချုပ်ရသည်ရှိသော် အကြမ်းဖျဉ်းအားဖြင့် ဘန်ဝှိုက်ရဲ့ စွမ်းဆောင်ရည်တွေက ဆာလီဘားလောက် မကောင်းဘူးလို့ ပြောရပါလိမ့်မယ်။ ဒါပေမယ့် စာရွက်ပေါ်က အချက်အလက်တွေဟာ တခါတလေတော့ ကွင်းထဲက လုပ်ဆောင်ချက်ကို ထင်ဟပ်မပြနိုင်ပါဘူး။ စာရေးသူအမြင်အရ သူတို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်ဟာ ဘယ်သူပိုကောင်းတယ် မကောင်းဘူးဆိုတာထက် ဟန်ချက်ညီတဲ့အတွဲအစပ်တစ်ခုလိုမျိုး ပိုဖြစ်နေတယ်လို့ ခံစားရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ထိမ်းထေပြီး ခံစစ်တန်းကို တော့တင်းစေတာမျိုးပေါ့။
ဘာကြောင့်ခုလိုပြောနေရတာလဲဆိုရင်တော့ ဆာလီဘားဟာ ဗဟိုခံစစ်ရဲ့ ဘယ်ဘက်ခြမ်းမှာရော ညာဘက်ခြမ်းမှာပါ ကစားနိုင်စွမ်းရှိသူဖြစ်တာမို့ နည်းပြအာတီတာက ဘန်ဝှိုက်ကို ခုလောက်လိုချင်နေတာဖြစ်နိုင်ပါတယ်။ ဘန်ဝှိုက်သာရောက်လာခဲ့မယ်ဆိုရင် ဆာလီဘား-ဘန်ဝှိုက်၊ ဂါဘရီယယ်-ဘန်ဝှိုက်၊ ဂါဘရီယယ်-ဆာလီဘား ကြိုက်သလိုတွဲစပ်လို့ရသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာတုန်းကတည်းက စွမ်းဆောင်ရည်တက်လာတဲ့ အာဆင်နယ်ခံစစ် ပိုတောင့်တင်းသွားစေမှာပါ။ အသင်းအတွက် ကောင်းမွန်တဲ့ကိစ္စတစ်ခုဖြစ်လာမှာမို့ ဘန်ဝှိုက်ရောက်လာမယ်ဆိုရင် အတော်လေးကြိုဆိုမိပါလိမ့်မယ်။ ခုချိန်မှာတော့ ရောက်မရောက်မပြောနိုင်သေးပေမယ့် ကိုယ့်အသင်းမှာရှိနေတဲ့ ဆာလီဘားကလည်း အားကိုးလောက်စရာ ခြေစွမ်းမျိုးပိုင်ဆိုင်ထားတာမို့ ဒါကလည်း ကျေနပ်စရာအချက်တစ်ခုပါပဲ။
အချက်အလက် : The Athletic