ဝီလ်ရှီးယားထက် ပိုကောင်းလိမ့်မယ်လို့ သုံးသပ်ခံနေရတဲ့ အာဆင်နယ်ကြယ်ပွင့်လေး

အာဆင်နယ်အသင်းဟာ တချိန်က ဂျက် ဝီလ်ရှီယားကို မွေးထုတ်နိုင်ခဲ့သလိုမျိုး အရည်အသွေးမြင့် ကွင်းလယ်လူနောက်ထပ်တစ်ဦးကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ ထိပ်တန်းသတင်းဌာနတစ်ခုဖြစ်တဲ့ Goal က သုံးသပ် ဖော်ပြသွားပါတယ်။

Goal ကတော့ ကျွမ်းကျင်သူတွေနဲ့ အင်တာဗျူးတွေပြုလုပ်ချက်တွေနဲ့ သတင်းထောက် ချားလ် ဝက်ရဲ့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းစောင့်ကြည့်သုံးသပ်ချက်တွေကို အခြေပြုပြီး အာဆင်နယ်လူငယ်အသင်းက ကွင်းလယ်လူ ချာလီ ပါတီနိုဟာ ထိပ်တန်းအဆင့်ကို မကြာခင်မှာတက်လှမ်းလာတော့မယ်လို့ သုံးသပ်ဖော်ပြခဲ့တာပါ။

“ရှောင် အိုကွန်နာက ဂျက် ဝီလ်ရှီးယားကို ရှာဖွေတွေ့ခဲ့ပါတယ်။ သူလိုလူ ကိုယ်တိုင်က ချာလီက သူမြင်ဖူးသမျှ အကောင်းဆုံး လူငယ်ကွင်းလယ်လူလို့ ထုတ်ပြောခဲ့တာပါ။ ဟေးလ်အန့်ဒ်ရဲ့ တံခါးဝကနေ လျှောက်လှမ်းသွားမယ့် အကောင်းဆုံး ကွင်းလယ်လူလို့တောင် သူက တင်စားခဲ့ပါသေးတယ်။ ဒီကလေးမှာ အလားအလာကောင်းတွေ အများကြီး အများကြီး ရှိနေပါတယ်။ အကုန်လုံးကို မဖော်ထုတ်နိုင်သေးတာပဲရှိတာပါ” အာဆင်နယ်ဂန္တဝင်ဟောင်း ဖရန့်ခ် စတက်ပဲလ်တန်က Goal ကို ပြောဆိုခဲ့ပါတယ်။

“အာဆင်နယ်ရဲ့ လမ်းစဉ်အရဆိုရင် သူ အခွင့်အရေး သေချာပေါက်ရလာမှာပါ။ မန်စီးတီးက ဖီးလ် ဖိုဒန်လိုမျိုးတောင် ဖြစ်လာနိုင်ပါတယ်။ ချာလီက ကွင်းထဲမှာဆိုရင် သတိကြီးကြီးထားပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားတတ်ပြီးတော့ တခြားကစားသမားတွေအတွက် အရမ်းအထောက်အကူဖြစ်တဲ့သူမျိုးပါ။ သူ့ရဲ့ ဘောလုံးအမြင်က အရမ်းကောင်းပြီးတော့ ပေးပို့ပုံကလည်း အဆင့်မြင့်ပါတယ်။ နောက်ပြီး ခံစစ်ကိုလည်း သေချာဆင်းကူတတ်ပါတယ်။ စိတ်အားထက်သန်မှုအပြည့်နဲ့ ကစားတတ်သလို ကွင်းထဲမှာဆိုရင် သူက သားရဲတစ်ကောင်လိုပါပဲ။ သူက တကယ့်အောင်နိုင်သူ စစ်စစ်ပါ” လို့လည်း စတက်ပဲလ်တန်က ဆိုသွားခဲ့ပါသေးတယ်။

Goal ရဲ့ သတင်းထောက် ချားလ်စ် ဝက်ထ်ကလည်း ပါတီနိုဟာ ခြေစွမ်းထက်မြက်တဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး စိတ်အားထက်သန်မှုအပြည့်နဲ့ ကစားတတ်ပုံက ဂျက် ဝီလ်ရှီးယားနဲ့ဆင်တူတယ်လို့ နှိုင်းယှဉ်ပြောဆိုသွားပြီး ဒါဏ်ရာကင်းစင်တဲ့ ဝီလ်ရှီးယားလေးလို့လည်း ဆိုခဲ့ပါတယ်။

ကျွမ်းကျင်သူတွေကတော့ အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ အင်္ဂလိပ်ကွင်းလယ် ကြယ်ပွင့်လေးဟာ ဂျက် ဝီလ်ရှီးယား၊ ဘူကာယို ဆာကာ၊ အီမီလီ စမစ်-ရိုးတို့လို အသင်းရဲ့ ကျောရိုးထောက်တိုင်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

Source: Goal

Leave a Reply