
အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်း အာဆင်းဝင်းဂါးက အရည်အသွေးကောင်းမွန်ပေမယ့် ငယ်ငယ်ရွယ်ရွယ်မှာပဲ ပြင်းထန်ဆိုးရွားတဲ့ ဒါဏ်ရာပြဿနာတွေရင်ဆိုင်ခဲ့ရပြီး မကြခနဒါဏ်ရာရတတ်သူတွေဖြစ်သွားခဲ့ကြတဲ့ အာရွမ် ရမ်းဆေးနဲ့ ဂျက် ဝီလ်ရှီးယားတို့ရဲ့ ကစားသမားဘဝအတွက် သူ့ တာဝန်မကင်းဘူးလို့ ထုတ်ဖော်ပြောဆိုလာပါတယ်။
ဝီလ်ရှီးယားရော ရမ်ဆေးပါ အာဆင်နယ်အသင်းရဲ့ အလားအလာအကောင်းဆုံး လူငယ်ကွင်းလယ်လူတွေအဖြစ် သတ်မှတ်ခံခဲ့ရသူတွေဖြစ်ကြပေမယ့် အသက် ၂၀ ဝန်းကျင်မှာရရှိခဲ့တဲ့ ပြင်းထန်ဆိုးရွားတဲ့ ဒါဏ်ရာတွေကြောင့် အမြင့်မားဆုံး ခြေစွမ်းမျိုးကို ထုတ်ဖော်ပြသနိုင်ဖို့ အခက်ကြုံခဲ့ကြရသူတွေပါ။

ဒါတွေနဲ့ပတ်သက်ပြီး နည်းပြဟောင်း အာဆင်းဝင်းဂါးကတော့ သူ့အနေနဲ့ လူငယ်ကစားသမားတွေရဲ့ ကစားသမားဘဝကို ကာကွယ်ပေးနိုင်ခဲ့သင့်ပြီး သူတို့ရဲ့ ဒါဏ်ရာဖြစ်ရပ်ဆိုးတွေရင်ဆိုင်ခဲ့ရမှုဟာ နည်းပြဖြစ်သူ သူကိုယ်တိုင်မှာ ကြီးကြီးမားမား တာဝန်ရှိနေတယ်လို့ ပြောဆိုလာတာပါ။
နည်းပြဟောင်း အာဆင်းဝင်းဂါးကတော့ The Telegraph နဲ့ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ VAR စနစ်အကြောင်းကို မှတ်ချက်ပြုပြောဆိုရင်း သူတို့ခေတ်တုန်းက VAR စနစ်သာရှိခဲ့မယ်ဆိုရင် ရမ်ဆေးနဲ့ ဝီလ်ရှီးယားတို့ကို ပိုမိုကာကွယ်ပေးနိုင်ခဲ့လိမ့်မယ်လို့ မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အပြုသဘောဆောင်တာတွေ မြင်ခဲ့ပါတယ်။ VAR က တိုက်စစ်အားပြု ကစားပွဲတွေကို ကောင်းကျိုးတွေ ဆောင်ယူလာပါတယ်။ တိုက်စစ်ဆင်ချိန်မှာ နည်းစနစ်ကောင်းတဲ့ကစားသမားတွေဟာ ပိုပြီး လူချကစားခံရတတ်ပါတယ်။ ဒါက စိတ်ပျက်စရာပါ။ ကျွန်တော်တို့ ဒီလိုအခြေအနေတွေကြားကနေ ခက်ခက်ခဲခဲ ရှေ့ဆက်ခဲ့ရပါတယ်။ ကျွန်တော်တို့ ကြိုးစားကစားခဲ့ကြပေမယ့် တစ်ချို့အခြေအနေတွေကတော့ စိတ်ပျက်စရာပါ။ ပြောရရင် ရမ်ဆေးနဲ့ ဝီလ်ရှီးယားတို့ဆိုရင် ငယ်ငယ်ရွယ်ရွယ်မှာတင် ဆိုးရွားတဲ့ဒါဏ်ရာပြဿနာတွေ ရင်ဆိုင်ခဲ့ရတာပါ။ ခင်ဗျားသာ မန်နေဂျာတစ်ယောက်ဆိုရင် သူတို့ရဲ့ ကစားသမားဘဝမှာ ဒါတွေကို ရင်ဆိုင်ခဲ့ရတာ ခင်ဗျားရဲ့တာဝန်မကင်းဘူးဆိုတာကို ခံစားမိပါလိမ့်မယ်” လို့ အာဆင်းဝင်းဂါးက The Telegraph ကို ပြောခဲ့တာပါ။
အာရွမ် ရမ်ဆေးဟာ ဆိုးရွားတဲ့ဒါဏ်ရာတွေကို ကြုံခဲ့ရပေမယ့် သူ့ရဲ့ကစားသမားဘဝကို ပြန်လည်အဖတ်ဆယ်နိုင်ခဲ့ပြီး ဝီလ်ရှီးယားကတော့ ဒါဏ်ရာအိပ်မက်ဆိုးကနေ ရုံးထွက်နိုင်တော့ခြင်းမရှိပဲ ကစားသမားဘဝ တောက်လျှောက်ကျဆင်းသွားခဲ့ပြီး လက်ရှိအချိန်မှာ အသက် ၂၉ နှစ်အရွယ်သာရှိသေးပေမယ့် အသင်းဘက်မဲ့အခြေအနေမျိုးနဲ့ပါ ရင်ဆိုင်နေရပါတယ်။
Source: The Telegraph, Mail