
အာဆင်နယ်အသင်း တာဝန်ရှိသူတွေဟာ လက်ရှိနည်းပြ မီခယ် အာတီတာရဲ့ စွမ်းဆောင်ရည်တွေအပေါ် သည်းခံနိုင်စွမ်း အလွန်နည်းပါးနေပြီဖြစ်ပြီး နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဂန္တဝင်ဟောင်း သီယာရီ အွန်နရီနဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ The Athletic သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို အရေးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဖိအားတွေနဲ့ရင်ဆိုင်နေရပြီး ဘုတ်အဖွဲ့ကလည်း နည်းပြသစ်ပြောင်းလဲဖို့ စတင်စဉ်းစားလာနေပါတယ်။ The Athletic ကတော့ အာဆင်နယ်အသင်းဟာ နည်းပြသစ်စတင်ရှာဖွေနေပြီဖြစ်ပြီး ဂန္တဝင်ဟောင်း သီယာရီ အွန်နရီနဲ့လည်း စကားပြောဆိုနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဂန်နားတွေအတွက် ပွဲပေါင်း ၃၇၀ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၂၂၆ ဂိုးသွင်းယူကာ အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းရေးထိုးထားတဲ့ အွန်နရီဟာ အာဆင်နယ်ပရိတ်သတ်တွေရဲ့ အချစ်တော်ကစားသမားတစ်ဦးဖြစ်ပေမယ့် နည်းပြဘဝမှာတော့ ထူးခြားတဲ့ စွမ်းဆောင်မှုမျိုးတွေ မပြသနိုင်သေးပါဘူး။
အွန်နရီ ကိုယ်တိုင်ကတော့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်လာဖို့ဟာ သူ့ရဲ့အိပ်မက်တစ်ခုဖြစ်ပြီး တချိန်ချိန်မှာ အမှန်တကယ်ဖြစ်ပေါ်လာအောင် အကောင်အထည်ဖော်သွားမယ်လို့ ပြီးခဲ့တဲ့ မေလတုန်းကမှ ထုတ်ဖော်ပြောဆိုထားတာပါ။ ဒါကြောင့် အာဆင်နယ်ဘက်က မှန်ကန်တဲ့ချဉ်းကပ်ပုံမျိုးနဲ့သာ စည်းရုံးခဲ့မယ်ဆိုရင် ပြင်သစ်သား အာဆင်နယ်နည်းပြသစ်ဖြစ်လာဖို့က ခက်ခဲတဲကိစ္စမဟုတ်ဘူးလို့ Express သတင်းဌာနကလည်း ခန့်မှန်းထားပါတယ်။

အွန်နရီဟာ ၂၀၁၅ ခုနှစ်မှာ အာဆင်နယ် ယူ-၁၈ အသင်းကို ကိုင်တွယ်ပြီး နည်းပြဘဝကို စတင်ခဲ့သူဖြစ်ပါတယ်။ UEFA A လိုင်စင်မရှိတာကြောင့် ယာယီနည်းပြအဖြစ်သာ ကိုင်တွယ်ခဲ့တာဖြစ်ပေမယ့် အွန်နရီဟာ ယူ-၁၈ အသင်းကို ကိုင်တွယ်စဉ်မှာ အီဝိုဘီ၊ ဆာကာစတဲ့ ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ၂၀၁၆ ခုနှစ်မှာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြဖြစ်လာခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာမှာတော့ မိုနာကိုအသင်းကို တာဝန်ယူကိုင်တွယ်ကာ အဆင့်မြင့်တန်းနည်းပြဘဝကို စတင်ခဲ့ပါတယ်။ ဒါပေမယ့် အွန်နရီရဲ့ မိုနာကိုအသင်းဟာ လီဂူး-၁ မှာ အတော်လေး အခြေအနေဆိုးရွားခဲ့ပြီး တန်းဆင်းဇုံထဲက ရုံးမထွက်နိုင်ခဲ့တာကြောင့် ရာထူးလက်ခံပြီး ၃ လ အကြာမှာပဲ ရာထူးကနေ ထုတ်ပါယ်ခံခဲ့ရပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ မေဂျာလိဂ်ကလပ် မွန်ထရီယယ် အင်းပက်အသင်းရဲ့ နည်းပြချုပ်ဖြစ်လာခဲ့ပြီး ကနေဒါအခြေစိုက် အဆိုပါကလပ်ကို အသင်းရဲ့ နောက်ဆုံး ၄ ရာသီအတွင်း ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လ်း ၂၀၂၁ ရာသီသစ်မစတင်ခင်မှာ မိသားစုအကြောင်းပြချက်နဲ့ လန်ဒန်ကိုပြန်လာခဲ့ပြီး မေလမှာတော့ ဘယ်လ်ဂျီယံအသင်းရဲ့ လက်ထောက်နည်းပြရာထူးကို ပြန်လည်တာဝန်ယူခဲ့ကာ ခုချိန်အထိ ဘယ်လ်ဂျီယံအသင်းမှာ ဆက်ရှိနေဆဲပါ။
Source: The Athletic, Express