
ပရီးမီးယားလိဂ် နည်းပြဟောင်း ဂျိုဇီ မော်ရင်ဟိုက ယူရို ၂၀၂၀ ဗိုလ်လုပွဲရဲ့ အဆုံးအဖြတ် ပင်နယ်တီကို ၁၉ နှစ်အရွယ် လူငယ်ကစားသမား ဘူကာယို ဆာကာကို ကန်ခိုင်းတာဟာ စီနီယာတွေယူရမယ့် တာဝန်တွေအကုန်လုံးကို ကလေးတစ်ယောက်ပေါ် ပုံချလိုက်တာဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။
လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာဟာ အဆိုပါ ပင်နယ်တီကို ကန်သွင်းရာမှာ အီတလီဂိုးသမား ဂီယန်လွီဂီ ဒွန်နာယူမာက ကာကွယ်သွားခဲ့တာကြောင့် အင်္ဂလန်အသင်း ယူရို ချန်ပီယံဖြစ်ခွင့်နဲ့ လွဲချော်သွားခဲ့ပါတယ်။ ဆာကာပင်နယ်တီ မကန်သွင်းခင်မှာ မားကပ် ရပ်ရှ်ဖို့ဒ်နဲ့ ဂျေဒန် ဆန်ချိုတို့လည်း ပင်နယ်တီလွဲချော်ထားတဲ့အချက်ကြောင့် အဆုံးအဖြတ်ပင်နယ်တီကို ပရိတ်သတ် ၆၀၀၀၀ ရှေ့မှာ ကန်သွင်းရတဲ့ ဆာကာအပေါ် ဖိအားတွေ ပိုများနေခဲ့တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း မော်ရင်ဟိုကတော့ ဒီလိုပွဲစဉ်မျိုးရဲ့ အဆုံးအဖြတ် ပင်နယ်တီမျိုးကို လူငယ်ကစားသမားတစ်ယောက်ကို ကန်သွင်းခိုင်းဖို့ ဘာအကြောင်းပြချက်မှမရှိဘူးလို့ အင်္ဂလန်နည်းပြ ဆောက်သ်ဂိတ်နဲ့ အသင်းဖော်တွေကို ဝေဖန်ခဲ့ပါတယ်။ “ဆာကာကို နောက်ဆုံးကန်သွင်းသူအဖြစ် သတ်မှတ်ခဲ့တာက အရမ်းပြင်းထန်လွန်းတဲ့ ဆုံးဖြတ်ချက်ပါ။ ကလေးတစ်ယောက်အတွက် အရမ်းများလွန်းတဲ့ တောင်းဆိုမှုပါ။ ရှိသမျှဖိအားအားလုံးကို သူ့ ပခုံးပေါ် ပုံချခဲ့တာပါပဲ” လို့ ပေါ်တူဂီလူမျိုးနည်းပြ ပြောသွားပါတယ်။
“ဒီအခြေအနေမှာ စတာလင် ဘယ်မှာလဲ၊ ဂျွန်စတုန်းစ် ဘယ်မှာလဲ၊ လုခ် ရှောဘယ်မှာလဲ၊ ဟန်ဒါဆင် ဒါမှမဟုတ် ဝေါ်လ်ကာဘယ်မှာလဲ? ကလေးတစ်ယောက်ကို ရွေးလိုက်ချိန်မှာ ဘယ်သူက ကန်ပါရစေဆိုပြီး တောင်းဆိုခဲ့လဲ။ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ကို ပွဲပြီးခါနီးမှ ထည့်ခဲ့ပြီး တစ်ချက် နှစ်ချက် ဘောလုံးထိပြီးရုံနဲ့ ပယ်နယ်တီကန်ခိုင်းမယ်ဆိုကတည်းက အခြေအနေက အရမ်းခက်ခဲနေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါပေမယ့် ဆာကာကတော့ အဲ့ဒီ သူတို့မျက်ကွယ်ပြုခဲ့တဲ့ တိုင်းပြည်တစ်ခုလုံးရဲ့ ကံကြမ္မာကို ပခုံးပေါ်ပစ်တင်ခံခဲ့ရပါတယ်။ ဒါက အရမ်းကြီးမားလွန်းပါတယ်” လို့လည်း သူကဆိုခဲ့ပါသေးတယ်။

“အင်္ဂလန်ကစားသမားတွေ ပင်နယ်တီကန်သွင်းတာကောင်းတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် လေ့ကျင့်ရေးကွင်းမှာ ကောင်းတာနဲ့ ကွင်းထဲမှာကောင်းတာမတူညီပါဘူး။ ဒါက သူတို့ရဲ့ ပြဿနာဖြစ်သွားတာပါ။ ဒီအခြေအနေမျိုး ဖိအားမျိုးက လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်လို့ ရကောင်းတဲ့အရာမျိုး မဟုတ်ပါဘူး။ ဒီတော့ သူတို့တွေမှာ တကယ့်ဖိအားကို ဘယ်လိုရင်ဆိုင်ရမလဲ မသိကြပါဘူး။ သနားစရာအကောင်းဆုံးကတော့ ဆာကာပါပဲ။ ဆာကာက အင်္ဂလန်တစ်တိုင်းပြည်လုံးရဲ့ ကံကြမ္မာကို ထမ်းပိုးပေးခဲ့ရတယ်။ ဆာကာအတွက် ကျွန်တော် အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်” လို့ မော်ရင်ဟိုက ဆိုသွားခဲ့ပါတယ်။
အင်္ဂလန်နည်းပြ ဂါရက်သ် ဆောက်သ်ဂိတ်ကတော့ ပင်နယ်တီကန်သွင်းဖို့ လူရွေးချယ်မှုကို သူပြုလုပ်ခဲ့တာဖြစ်တာကြောင့် သူ့ကိုသာ အပြစ်တင်ဖို့ တောင်းဆိုမှုပြုလုပ်ထားပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ပင်နယ်တီလွဲချော်မှုကြောင့် လူငယ်ကစားသမား ဘူကာယို ဆာကာတစ်ယောက် အွန်လိုင်းကနေတဆင့် လူမျိုးရေးခွဲခြားမှုတွေနဲ့ အသက်အန္တရာယ်ချိန်းခြောက်မှုတွေ ရင်ဆိုင်နေရပါတယ်။
Source: HITC, talkSPORT