သောမတ် ပါတေးရဲ့ တွဲဖက်ကစားသမားက မိတ်လန်း-နိုင်းလ်စ်လား လိုကွန်ဂါလား

ဂရာနစ် ရှာခါတစ်ယောက် ပွဲပါယ်ပြစ်ဒါဏ်ခံရဖို့ရှိနေပြီး မိုဟာမက် အယ်လ်နီနီလည်း ဒါဏ်ရာရနေချိန်မှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ် ပွဲထွက်ခွင့် တစ်နေရာအတွက် လူငယ်ကစားသမား ၂ ဦးရဲ့ ပြိုင်ဆိုင်မှုဟာ စိတ်ဝင်စားဖွယ်ရာ ကောင်းလာနေပြီလို့ Football London က သုံးသပ်သွားပါတယ်။

အာဆင်နယ်အသင်းဟာ ကွင်းလယ်မှာ ဒါဏ်ရာရ/ပွဲပါယ်ပြဿနာတွေနဲ့ရင်ဆိုင်နေရတာမို့ ဒါဏ်ရာပြဿနာကနေ ပြန်လာမယ့် သောမတ် ပါတေးနဲ့ တွဲဖက်ကစားဖို့ ဆမ်ဘီ လိုကွန်ဂါနဲ့ အိန်းစလေ မိတ်လန်း-နိုင်းလ်စ်တို့ထဲက တစ်ဦးကို ရွေးချယ်အသုံးပြုရဖို့ရှိနေပါတယ်။

ယခုနှစ်ရာသီအစတုန်းကမှ အန်ဒါလက်ချ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆမ်ဘီ လိုကွန်ဂါဟာ အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေကနေစပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေအထိ ခြေစွမ်းကောင်း တောက်လျှောက်ပြသနိုင်လာသူဖြစ်ပါတယ်။

အထူးသဖြင့် ရာသီအဖွင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အာဆင်နယ်အသင်း ရလဒ်တွေဆိုးရွားခဲ့ပေမယ့်လည်း ၂၁ နှစ်သားကွင်းလယ်လူကတော့ ပရိတ်သတ်တွေနဲ့ မီဒီယာတွေရဲ့ အသိအမှတ်ပြုခြင်းကိုခံရတဲ့အထိ ခြေစွမ်းကောင်းခဲ့ပါတယ်။

ညာနောက်ခံလူဟောင်း အိန်းစလေ မိတ်လန်း-နိုင်းလ်စ်ကတော့ ပြီးခဲ့တဲ့ရာသီ ဝက်စ်ဘရွမ်းအသင်းထံ အငှားသွားရောက်ကစားစဉ်တုန်းက ကွင်းလယ်ဗဟိုမှာ ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး ယခုနှစ်ရာသီမှာတော့ ညာနောက်ခံလူနေရာထက် ကွင်းလယ်မှာပိုမိုကစားခွင့်ပေးဖို့ နည်းပြဖြစ်သူ မီခယ် အာတီတာထံ တောင်းဆိုထားသူပါ။

စပိန်လူမျိုးနည်းပြကတော့ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ခြေစမ်းပွဲမှာ နိုင်းလ်စ်ကို Box-to-box ကစားသမားအဖြစ် စမ်းသပ်သုံးစွဲခဲ့ပြီး မျှော်မှန်းထားတာထက်ပိုတဲ့ ခြေစွမ်းမျိုးပြသနိုင်ခဲ့တာကြောင့် အထူးကျေနပ်သဘောကျနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

Football London ကတော့ လက်ရှိအနေအထားအရ အာတီတာအနေနဲ့ ပါတေးရဲ့ တွဲဖက်နေရာအတွက် အဆိုပါလူငယ်ကစားသမား ၂ ဦးထဲက တစ်ဦးကို ရွေးချယ်ရတော့မှာဖြစ်ပြီး ၂ ဦးလုံးမှာ အမြဲတမ်းတွဲဖက်ဖြစ်လာနိုင်တဲ့ အလားအလာမျိုးတွေ ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ခဲ့ပါတယ်။

အာတီတာအနေနဲ့ လိုကွန်ဂါကို ပါတေးနဲ့ တွဲဖက်စေမယ်ဆိုရင် ကွင်းလယ်မှာ Double Pivot ပုံစံ ကွင်းလယ်ဗဟိုကစားသမား ၂ ဦး ဟန်ချက်ထိမ်းကစားတဲ့ပုံစံနဲ့ ကစားရမှာဖြစ်ပြီး နိုင်းလ်စ်နဲ့တွဲဖက်ပေးမယ်ဆိုရင်တော့ ပါတေးကို ကွင်းလယ်အဖျက်ကစားသမားအဖြစ် အသုံးချသွားရမှာဖြစ်ပါတယ်။ လာမယ့်နော်ဝစ်ချ်နဲ့ပွဲစဉ်မှာ အာတီတာတစ်ယောက် ဘယ်ကွင်းလယ်အတွဲအဖက်ကို ပွဲထုတ်လာမလဲဆိုတာက တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စတစ်ခုဖြစ်လာပြီ ဖြစ်ပါတယ်။

Source: Football London

Leave a Reply