
အစားအသောက်လေးများ တစ်ခုခု မှီဝဲပြီးပြီဆိုရင် မျက်လုံးလေးက စင်းလာတတ်ကြတယ်မဟုတ်လား။ လူအများစုဟာ နေ့လယ်စာစားပြီးချိန်တွေမှာ ငိုက်မြည်းလာတတ်ကြတယ်။
မကြာခဏ ဒီလိုဖြစ်တတ်ပေမယ့် ဒါဘာကြောင့် ဖြစ်ရတာလဲဆိုတာကိုတော့ တိတိပပသိကြတာမျိုးမရှိကြပါဘူး။ ရိုးရာယူဆချက်တွေအရဆိုရင်တော့ ထမင်းဆိပ်တက်တယ်ပေါ့။ တကယ်တော့ အစာစားပြီးချိန်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်တာဟာ သဘာဝအစာခြေစနစ်လုပ်ငန်းစဉ်နဲ့ အိပ်စက်မှုလုပ်ငန်းစဉ်က ဆက်စပ်နေတာကြောင့်ပါပဲ။
ဒါပေမယ့်လည်း ဒါကြောင့်ချည်းတော့ နေ့တိုင်း အိပ်ချင်စိတ်ပေါ်နေမှာမဟုတ်ပါဘူး။ တခြားအကြောင်းပြချက်တွေကြောင်လည်း (အထူးသဖြင့်) နေ့လယ်စာစားပြီးချိန်မှာ အိပ်ချင်စိတ်ပေါ်လာတတ်ပါတယ်။ ဘာတွေလဲဆိုတာကို လေ့လာကြည့်ရအောင်။
အစားအသောက်ကြောင့် – အစားအစာအများစုမှာ ပါဝင်နေတဲ့ ကာဘိုဟိုက်ဒြိတ်နဲ့ ပရိုတိန်းတွေက လူကို ပင်ပန်းစေနိုင်ပါတယ်။ တခြားအစားအစာတွေထက်စာရင် ကာဘိုဟိုက်ဒြိတ်နဲ့ ပရိုတိန်းကြွယ်ဝတဲ့အစားအစာတွေကို စားသောက်ပြီးချိန်မှာ အိပ်ချင်စိတ်ပိုဖြစ်စေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။
အစားအစာပမာဏကြောင့် – Postprandial Somnolence ဆိုတဲ့ အစားအသောက်စားပြီးချိန် ငိုက်မြည်းမှုပြဿနာ ဖြစ်လာတာက အစားအသောက်ပမာဏ အများကြီး မှီဝဲစားသောက်တာနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။ နေ့ခင်းနေ့လယ်စာကို အများကြီးမှီဝဲမိရင် အိပ်ချင်စိတ်ပိုဖြစ်တတ်တာမျိုးပေါ့။
အစာစားချိန်ကြောင့် – လူတွေဟာ ည ၂ နာရီ နဲ့ နေ့လယ် ၂ နာရီလောက်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်တတ်တဲ့သဘာဝရှိတယ်လို့ အမေရိကန်အခြေစိုက် The National Sleep Foundation က ဆိုထားပါတယ်။ ဒါကြောင့် နေ့ခင်းနေ့လယ်မှ တရေးတမောအိပ်စက်ဖို့ သူတို့က အကြံပြုထားတာပါ။ နေ့လယ်စာစားလိုက်လို့ အိပ်ချင်စိတ်ပေါ်လာတာနဲ့ နေ့လယ် ၂ နာရီလောက်ဆိုရင် အိပ်ချင်စိတ်ဖြစ်တတ်တဲ့ လူသဘာဝတို့ပေါင်းစပ်ပြီး နေ့ခင်းနေ့လယ်ဆိုရင် လူတွေငိုက်မြည်းကြတာဖြစ်ပါတယ်။

ကျန်းမာရေးပြဿနာကြောင့် – အောက်ပါကျန်းမာရေးပြဿနာတွေကြောင့်လည်း အစာစားပြီးချိန်တွေမှာ အိပ်ချင်တတ်ပါတယ်။
အစာအဆိပ်သင့်မှု
Celiac Disease ရောဂါ
သွေးအားနည်းရောဂါ
ဆီးချို စတာတွေပါပဲ။
အခြားအကြောင်းတရားများ – အစာစားပြီးချိန်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်စေတဲ့ တခြားသော အကြောင်းတရားတွေ ရှိပါသေးတယ်။ ဒါတွေကတော့ အိပ်ရေးပျက်ထားတာ၊ နေ့အချိန်မှာ အရက်သေစာနဲ့ အစားအသောက်တွေကို မှီဝဲထားတာ၊ စတာတွေပါပဲ။
အစာစားပြီးချိန်မှာ အိပ်ချင်စိတ်ပေါ်တာက သဘာဝဖြစ်စဉ်လို့ ပြောလို့ရနိုင်ပါတယ်။ အချိန်ရလို့ တရေးတမော အနားယူလိုက်မယ်ဆိုရင် လူလည်း ပိုပြီး အားအင်ပြည့်ဖြိုးနိုင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ လုပ်ငန်းခွင်ထဲမှာမို့၊ အလုပ်ရှိနေလို့ ဒီလို အိပ်ချင်လို့မဖြစ်ဘူးဆိုရင်တော့ အောက်ပါအတိုင်း ကြိုးစားကြည့်ပါ။
ညဘက်မှာ အိပ်ရေးဝဝအိပ်စက်အနားယူပါ၊
အစားအစာကို နည်းနည်းနဲ့ မကြာခဏ ခွဲခွဲစားပေးပါ၊ တစ်ခါတည်း အများကြီးမစားပါနဲ့၊
လမ်းထလျှောက်ပေးပါ၊
ဖြစ်နိုင်ရင် အားလပ်နေချိန်တွေမှာ ခနတဖြုတ် မှေးစက်အနားယူပါ၊
နေအလင်းရောင်နဲ့ မကြာခနထိတွေ့ပါ၊
အရက်သေစာသောက်စားချိန်မှာ အစာအများကြီးစားတာမျိုးကို ရှောင်ကျဉ်ပါ၊
ဒီနည်းလမ်းတွေက အစာစားပြီးချိန်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်တာကို တားဆီးပေးနိုင်ပါလိမ့်မယ်။