
လမ်းခွဲပြတ်စဲကြတဲ့အခါ စိတ်ပင်ပန်းဆင်းရဲကြရတာ၊ နာကျင်ခံစားရတာက သဘာဝပါပဲ။ ပြတ်စဲလိုက်တဲ့ အဆက်ဟောင်းကို မေ့ပစ်ဖို့ဆိုတာ ပြောသလောက်တော့ မလွယ်တတ်ဘူးလေ။ ပြီးဆုံးသွားတဲ့ ဇာတ်လမ်းဟောင်းကြောင့် စိတ်ညစ်ညူးမခံနေပါနဲ့။ ဘဝအတွက် ကြိုးစားရမှာတွေ အများကြီးရှိနေသေးတယ်မဟုတ်လား။
နောက်ထပ် လှမ်းလျှောက်ရမယ့်ခြေလှမ်းသစ်တွေအတွက် အားအင်တွေ ခွန်အားတွေ စုစည်းနေရမယ့်အချိန်မှာ ဘာလို့ ဝမ်းနည်းကြေကွဲနေမှာလဲ။ ဘာလို့ အတိတ်တွေကို ပြန်အောင့်မေ့ပြီး နာကျင်ခံစားနေမှာလဲ။
တစ်ချို့တွေအတွက် လမ်းခွဲရတာက လွယ်ကူပေမယ့် တစ်ချို့တွေအတွက်တော့ ခက်ခဲတတ်ကြတယ်။ ဒါကြောင့်လည်း ဇာတ်လမ်းဟောင်းတစ်ခုကို မေ့ပစ်ဖို့ခက်ခဲနေတယ်ဆိုရင် အကူအညီဖြစ်နိုင်မယ့် နည်းလမ်းတွေကို အကြံပေးချင်ရဲ့။
၁။ နာကျင်မှုတွေကိုဖြေဖျောက်ဖို့ ကိုယ့်ကိုယ်ကို အချိန်တစ်ခုလောက်ပေးပြီး တည်ငြိမ်အောင်လုပ်ပါ။
၂။ သူ့နောက် လိုက်မနေနဲ့။ တကယ်တော့ လမ်းခွဲပြီးသွားပြီပဲ လက်လွှတ်လိုက်ပါတော့။ ဒီအချက်ကသာ ကိုယ့်စိတ်ကို ပိုငြိမ်းချမ်းစေမှာပါ။
၃။ ဇာတ်လမ်းတစ်ခုအဆုံးသတ်သွားချိန်မှာ အမှတ်တရတွေကတော့ ကျန်ရစ်ခဲ့မှာပဲ။ ရှေ့ဆက်ဖို့အတွက်ဆိုရင် အတိတ်က အမှတ်တရတွေကိုခေါင်းထဲကနေ ဖယ်ထုတ်ပစ်လိုက်ဖို့ လိုမယ်လေ။
၄။ တကယ့်အခြေအနေမှန်ကို လက်ခံပါ။ တစ်ချို့တွေက အမှန်တရားကို လက်ခံဖို့ခက်ခဲနေတတ်ကြတယ် မဟုတ်လား။

၅။ အဆုံးသတ်သွားပြီဖြစ်တဲ့ ဇာတ်လမ်းကို သင်ခန်းစာယူပါ။ အမှားတွေ၊ ပြင်ဆင်သင့်ခဲ့တာတွေကို ပြန်ဆန်းစစ်ပြီး နောင်တစ်ချိန်မှာ ထပ်မမှားစေဖို့ပေါ့။
၆။ သူနဲ့ ထပ်ပြီးတွေ့ဆုံဖို့ အကြောင်းပြချက် ရှာမနေပါနဲ့။ အဲ့နားမှာတင် ပုဒ်မချပြီး ဇာတ်သိမ်းလိုက်ပါ။ လက်တွဲခွင့်ပြန်ရမလားလို့ တွေးနေတာ သင့်တစ်ဘက်တည်းကဆိုရင် အဆင်မပြေပါဘူး။
၇။ တစ်ချို့က ဝမ်းနည်းကြေကွဲမှုတွေနဲ့အတူ ကိုယ့်ကိုယ်ကို နာကျင်ခံစားရအောင်ပါ ပြန်ပြီးပြုလုပ်တတ်ကြပါတယ်။ ဒီလို ရူးမိုက်တာတွေ မကျူးလွန်ပါနဲ့။
၈။ သူငယ်ချင်းဖြစ်ဖို့လည်း မမျှော်လင့်ပါနဲ့။ ဒီထက်ပိုတဲ့ အခြေအနေတွေကို ခရီးဆက်ခဲ့ကြပြီးသူတွေမို့ သူငယ်ချင်းတွေလို ဆက်ဆံဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။
၉။ ကိုယ် ဘယ်လောက်ခံနိုင်ရည်ရှိသလဲ နားလည်ထားဖို့ လိုမှာပါ။ ဒါမှ လမ်းခွဲခြင်းကြောင့် ခံစားလာရတဲ့ စိတ်ပိုင်း ရုပ်ပိုင်းပြဿနာတွေကို ဘယ်လိုကိုင်တွယ် အဖြေရှာရမလဲဆိုတာကို ပိုပြီးနားလည်လာမှာပေါ့။
၁၀။ တက်တက်ကြွကြွနဲ့ အားကစားလိုက်စားပြီး နေထိုင်မယ်ဆိုရင် သင့်ကျန်းမာရေးအတွက်လည်း အကျိုးရှိစေပါလိမ့်မယ်။ အားကစားလုပ်ခြင်းဟာ စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်တာမို့ ခန္ဓာကိုယ်လည်း ကျန်းမာလှပပြီး စိတ်ညစ်ညူးမှုကိုပါ လျော့ကျစေမှာပါ။
၁၁။ ဈေးဝယ်ထွက်ပစ်ပါ။ မိန်းကလေးတွေအတွက်တော့ အလွယ်ကူဆုံး လမ်းခွဲခြင်းကို မေ့ပစ်နိုင်မယ့် ဖြတ်လမ်းနည်းပါ။
၁၂။ ကိုယ့်ပတ်ဝန်းကျင်လေးကို လှအောင်ပြင်ပါ။ ကိုယ်နေတဲ့အခန်း၊ အိမ်လေးကို အပြောင်းအလဲဖြစ်အောင် ပြင်ဆင်လိုက်ရင်လည်း စိတ်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်သွားမှာပါ။
၁၃။ အိမ်ခန်းထဲပုန်းပြီး ငိုကြွေးမနေပါနဲ့။ အချိန်တစ်ခုယူပြီးပြီဆိုရင် အပြင်ကိုထွက်ပြီး ခရီးတွေသွားပစ်၊ ကမ္ဘာကြီးကို လျှောက်ကြည့်ပစ်။ ဒါဆို စိတ်လက်ပေါ့ပါးသွားမှာပါ။

၁၄။ အဆက်အသွယ်တွေ အားလုံးဖြတ်ပါ။ ဖုန်းနံပါတ်၊ ဆိုရှယ်မီဒီယာ အကုန်ရှင်းပစ်လိုက်တာက အကောင်းဆုံးပါပဲ။ မလိုလားအပ်တဲ့ မျှော်လင့်ချက်တွေ ထားမနေပါနဲ့။
၁၅။ သူ့ သူငယ်ချင်းတွေ၊ သူနဲ့ နီးစပ်သူတွေကို သူ့အကြောင်းမေးမြန်းတာမျိုး မလုပ်ပါနဲ့တော့။ ဒီလိုမေးမြန်းလို့ ရလာတဲ့အဖြေတွေက ကိုယ့်ရဲ့ စိတ်ကို ပင်ပန်းစေမယ့်အရာတွေ ဖြစ်နေတာများပါတယ်။
၁၆။ တကယ့်ဘဝနဲ့ စိတ်ကူးက ထပ်တူမကျတတ်တာကို လက်ခံပါ။ လမ်းခွဲပြတ်စဲခဲ့ရင် ဘာကြောင့် ငါ့မှဒီလိုဖြစ်ရတာလဲဆိုပြီး မကျေမချမ်းဖြစ်မနေပါနဲ့။ ဖြစ်တတ်တဲ့ သဘောတွေချည်းပါ။ စိတ်ကူးနဲ့ လက်တွေ့ဆိုတာ ထပ်တူကျဖို့ ခက်တယ်လေ။
၁၇။ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ။ စိတ်ဖိစီးနေချိန်၊ စိတ်ဓာတ်ကျနေချိန်မှာ အကောင်းဆုံးနည်းလမ်းပါပဲ။
၁၈။ တစ်ချို့က လမ်းခွဲပြီးသွားရင် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ဘူးလို့ ဆိုကြတယ်။ လမ်းခွဲတယ်ဆိုတာ နှစ်ဘက် ဆုံးဖြတ်ချက်ပါ။ ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့။
၁၉။ အဆင်သင့်မဖြစ်သေးသရွှေ့ နောက်ထပ်တစ်ယောက် မတွဲပါနဲ့ဦး။ ရှေ့ကတစ်ယောက်ကို သင်ပုန်းခြေဖို့ နောက်ထပ်တစ်ယောက်ကို တွဲလိုက်တာမျိုးက အမှားအယွင်းတွေ ပိုဖြစ်စေနိုင်ပါတယ်။ အချိန်ယူပြီး တည်ငြိမ်အောင် အရင်လုပ်ပါ။
၂၀။ ကိုယ့်ကိုယ်ကို ချစ်ပါ – အရေးအကြီးဆုံးပါပဲ။ ကိုယ့်ကိုယ်ကို ချစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့လည်းလိုပါတယ်။ ဒါဆို လမ်းခွဲခဲ့တာကို မေ့ဖို့ အထောက်အကူဖြစ်စေလိမ့်မယ်။