အဆိုးထဲက အကောင်းလို့ ချီးမွမ်းခံခဲ့ရတဲ့ စမစ်-ရိုးရဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်က ခြေစွမ်း

Sky Sports ရဲ့ သုံးသပ်သူ ဂယ်ရီ နဗီးလ်က ဘရန့်ဖို့ဒ်ကို ရာသီအဖွင့်မှာ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်က အာဆင်နယ်အသင်းဟာ အဘက်ဘက်က စိတ်ပျက်စရာဖြစ်ပေမယ့် အီမီလီ စမစ်-ရိုးရဲ့ ခြေစွမ်းကတော့ ချီးမွမ်းခံထိုက်တဲ့ ခြေစွမ်းမျိုးဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ အဆင့်မြင့်တန်းပြိုင်ပွဲကို ၇၄ နှစ်ကြာမှ တက်ရောက်ခွင့်ပြန်လည်ရရှိခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ ၂-၀ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ ကစားသမားအများစု ခြေစွမ်းကောင်းပြသနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

အဆိုပါပွဲစဉ်ရလဒ်ကြောင့် နည်းပြအာတီတာအပါအဝင် အာဆင်နယ်ကစားသမားတွေလည်း ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပေမယ့် မန်ယူဂန္တဝင်ဟောင်း ဂယ်ရီ နဗီးလ်ကတော့ စမစ်-ရိုးရဲ့ အဆိုပါပွဲစဉ်က ခြေစွမ်းဟာ ခြေစွမ်းမပြသနိုင်တဲ့ အာဆင်နယ်ကစားသမားတွေအကြားမှာ ရှားရှားပါးပါး ချီးမွမ်းခံထိုက်တဲ့ ခြေစွမ်းမျိုးဖြစ်တယ်လို့ ပြောဆိုသွားတာပါ။

“သူနဲ့ တီယာနီတို့ရဲ့ ဘယ်ခြမ်းက အချိတ်အဆက်က တော်တော်လေး အားရစရာကောင်းပါတယ်။ သူက အမှောင်ကျနေတဲ့ အာဆင်နယ်အတွက် အလင်းတန်းလေးပါ။ ဘောလုံးကို လိုလိုလားလားတောင်းဆိုပြီး ဆက်တိုက်ရွေ့လျားပြနေတာပါ။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာဆိုရင် အာဆင်နယ်ဘက်မှာ စိတ်ပျက်စရာတွေပဲများပေမယ့် သူကတော့ ရှားရှားပါးပါး ချီးမွမ်းစရာလူပါ” လို့ နဗီးလ်က ဆိုခဲ့ပါသေးတယ်။

“နွေရာသီတစ်လျှောက်လုံး သူနဲ့ အက်စတွန်ဗီလာနဲ့ သတင်းတွေ အများကြီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်က သူ့ကို လုံးဝလက်မလွှတ်ခဲ့ပါဘူး။ လက်လွှတ်လို့မဖြစ်ဘူးဆိုတာကိုလည်း သူတို့ သဘောပေါက်ထားလို့ပါ။ သူ့ရဲ့ ခွန်အားနဲ့ အရည်အသွေးတွေက တကယ်ကို လက်ဖျားခါလောက်တဲ့ အနေအထားပါ” လို့လည်း အင်္ဂလန်ခံစစ်မှူးဟောင်းက ဆိုခဲ့ပါတယ်။

၂၁ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား အီမီလီ စမစ်-ရိုးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကနေစတင်ပြီး အသင်းအတွက် ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသနေခဲ့သူဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းတည်ငြိမ်ကောင်းမွန်မှုကြောင့်ပဲ အာဆင်နယ်အသင်းက ပြီးခဲ့တဲ့လတုန်းက ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

Source: Sky Sports, TBR

Leave a Reply