အန္တာတိက သို့ ခရီးစဉ် (အပိုင်း ၁) – ဒီဇင်ဘာလ ၃၁ ရက်နေ့ကတော့ ၂၀၁၄ ခုနှစ်ရဲ့ နောက်ဆုံးရက်ဖြစ်ခဲ့ပါတယ်။ မနက်စောစောအိပ်ယာထပြီးတာနဲ့ အဝတ်တွေဘာတွေ လျှော်ပြီးတော့ ၉ နာရီလောက်မှာ ကိပ်ဟွန်း (Cape Horn) ကို ရောက်တော့မယ်ဆိုတာ ကြေညာတဲ့အတွက်ကြောင့် ခရီးသည်တော်တော်များများက ကိပ်ဟွန်းကိုကြည့်ဖို့ သင်္ဘောကုန်းပတ်ပေါ်ကို ပြေးတက်ကြတယ်။
ကျွန်မကတော့ ကိပ်ဟွန်းကို ကြည့်ဖို့ ကျီးကန်းသိုက် (Crow Nest) လို့ ခေါ်တဲ့ သင်္ဘော ဦးခန်းပိုင်းကို ပြေးတက်သွားခဲ့ပါတယ်။ ဘာဖြစ်လို့ ဒီလောက်အရေးကြီးလဲဆိုရင် ကိပ်ဟွန်းက အတ္တလန်တစ်သမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာ ဆုံတွေ့တဲ့နေရာအဖြစ် သတ်မှတ်ထားတာကြောင့်ပါပဲ။ ကိပ်ဟွန်းလို့ နာမည်ပေးခဲ့ရတဲ့ အကြောင်းအရင်းကလည်း ဒီနေရာကို စတင်တွေ့ရှိပြီး ၁၆၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ နယ်သာလန်ပြည်သား Willem Schouten က သူနေထိုင်ခဲ့ရာ နယ်သာလန်နိုင်ငံ ဟွန်းမြို့ (Hoorn) ကို အစွဲပြုပြီး ပေးခဲ့တာကြောင့်ဖြစ်ပါတယ်။ အဲဒီ ကိပ်ဟွန်းကတော့ ကမ္ဘာ့ရဲ့ တောင်ဘက် အစွန်အကျဆုံး နေရာလို့ ပြောနိုင်ပါတယ်။ တောင်ဝင်ရိုးစွန်း အဆုံးအထိ မရောက်ခင်နေရာလေးပေါ့။ တစ်ချို့တွေကတော့ Cape Horn (The End of the World) လို့လည်း တင်စားခေါ်ဆိုကြတယ်။
တစ်ချိန်တုန်းကတော့ အဲ့ဒီနေရာက ကုန်သွယ်တဲ့သင်္ဘောကြီးတွေ ဖြတ်သန်းသွားလာခဲ့တဲ့နေရာပေါ့။ ဒါပေမယ့် ၁၉၁၄ ခုနှစ်မှာ ပနားမားတူးမြောင်းကြီး (Panama Canal) ကို ဖောက်လိုက်တာမို့ ကိပ်ဟွန်းကို လူတွေ သိပ်အသုံးမပြုကြတော့ပါဘူး။
ကိပ်ဟွန်းကို ဖြတ်ချိန်မှာ ဘာထူးခြားလဲဆိုတော့ ရေအရောင်အသွေးဟာ ပစိဖိတ်သမုဒ္ဒရာဘက်က ဖြူနေပြီးတော့ အတ္တလန်တစ်သမုဒ္ဒရာဘက်က နည်းနည်းလေးမီးခိုးရောင်ရင့်နေတာကို သိသိသာသာကြီးတွေ့ခဲ့ရတယ်။ အဲ့ဒီမှာ ဒီသမုဒ္ဒရာနှစ်ခု ထိဆက်နေတဲ့နေရာကိုတော့ Drake Passage လို့ ခေါ်ပါတယ်။ Drake Passage ကလည်း သူက အတ္တလန်တစ်သမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာတွေရဲ့ တောင်ဘက်အစွန်းဆုံး ၂ နေရာကို ဆက်ပေးတဲ့ ရေလမ်းကြောင်းလို့ ပြောလို့ရပါတယ်။ Drake Passage လို့ ဘာလို့ ခေါ်ဆိုရသလဲဆိုရင် ထုံးစံအတိုင်း ဒီ Passage ကို ရှာဖွေတွေ့ရှိတဲ့လူတွေရဲ့ နာမည်ကို ပေးထားတာဖြစ်ပါတယ်။ ၁၆ ရာစုနှစ်တုန်းက အင်္ဂလိပ်လူမျိုး ပင်လယ်ဓားပြတစ်ဦးဖြစ်တဲ့ Sir Francis Drake ဆိုတဲ့ လူက ဒီနေရာကို ရှာဖွေတွေ့ရှိခဲ့တာမို့ သူ့ရဲ့နာမည်ကို အစွဲပြုပြီးပေးထားတာပါ။ (ပင်လယ်ဓားပြလုပ်ငန်းဟာ ၁၉ ရာစုနှစ် အစောပိုင်းကာလတွေအထိ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလုပ်ငန်းရဲ့ တရားဝင် အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ရေကြောင်းကုန်သည်တွေတိုင်းဟာ လက်နက်သယ်ဆောင်ပြီး ခရီးနှင်ကြပြီး တိုက်ခိုက်လုယက်ကြတာကလည်း အဲ့ဒီခေတ်ကာလရဲ့ ထုံးစံတစ်ခုပါ)
ကျွန်မတို့ အဲ့ဒါကို ကျော်ဖြတ်ပြီးချိန်မှာ ချီလီနိုင်ငံ ရေတပ်မတော်ရဲ့ အခြေစိုက်စခန်းတွေ တည်ရှိရာ ကျွန်းငယ်လေးတွေကိုလည်း တွေ့ခဲ့ကြရပါသေးတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်မတို့အနေနဲ့ နေ့လယ်စာကို အေးအေးဆေးဆေး သုံးဆောင်ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ရဲ့ ရာသီဥတုကလည်း အတော်လေးကို ကောင်းမွန်နေခဲ့တာပါ။ ထုံးစံအတိုင်း ရာသီဥတုက ကောင်းမွန်နေတဲ့အခါကျတော့ Spa ထဲသွားပြီး အခန်းထဲက Jacuzzi ထဲကနေဖြစ်စေ၊ အပူပေးလဲလျောင်းခုံပေါ်ကနေဖြစ်စေ ရှုမျှော်ခင်းတွေကို ကောင်းကောင်းကြည့်လို့ရခဲ့ပါတယ်။
New Year’s Eve လို့ခေါ်တဲ့ နှစ်သစ်ကူးပွဲတော်ကာလမို့ လူတွေက ဝတ်ကောင်းစားလှတွေ ဦးထုပ်တွေ၊ ဝတ်ဆင်ထားကြပြီးတော့ နှစ်ကူးတဲ့အထိမ်းအမှတ်အနေနဲ့ ဘောလုံးတွေနဲ့ လှလှပပ တန်ဆာဆင်ထားတဲ့ ညစာကိုလည်း ခန်းခန်းနားနား သုံးဆောင်ခွင့်ရခဲ့ပါတယ်။ ည ၁၀ နာရီ ခွဲလောက်ကျတော့ New Year’s Eve ပွဲ အနေနဲ့ ဖြေဖျော်ရေးခန်းမထဲမှာ အားလုံးစုဝေးပြီး ရှမ်ပိန်တိုက်ပါတယ်။ အဲ့ဒီမှာပဲ ကျွန်မတို့အားလုံး New Year ကို စောင့်ကြတာပေါ့လေ။ စောင့်လိုက်ချိန်မှာ အဆိုအကတွေကလည်း ပါတယ်ဆိုတော့ ၁၂ နာရီထိုးပြီး မနက် ၁ နာရီ ခွဲလောက်မှပဲ ကိုယ့်အခန်းကိုယ်ပြန်ရောက်ပါတော့တယ်။
နောက်တစ်နေ့ဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ နေထွက်တဲ့အချိန်က မနက် ၃ နာရီပါ။ ကျွန်မမှာ မနက် ၃ နာရီမှာ မထနိုင်ခဲ့ဘူးပေါ့လေ။ ကျွန်မနိုးတဲ့ မနက် ၅ နာရီမှာ နေထွက်တာကို ကြည့်ရတာ အရမ်းလှတာပါပဲ။ ရေခဲလေးတွေမျောနေတဲ့ ပင်လယ်ပြင်ကြီးထဲမှာ မနက် ၅ နာရီလောက် နေထွက်နေပြီး ရှင်းသန့် လှပနေတာမျိုးကို အရင်က တစ်ခါမှမမြင်ဘူးခဲ့ပါဘူး။ မနက် ၈ နာရီလောက်မှာ ဘာတွေ့ရလဲဆိုတော့ ဝေလငါးကြီးတွေပါပဲ။ ရေပေါ်မြောက်တက်လာတဲ့ အမြီးကြီးကိုတော့ သေချာမြင်လိုက်ရပါရဲ့။ ၃ ကောင်။ ဒါပေမယ့် ဓာတ်ပုံရိုက်ဖို့တော့ အချိန်မရလိုက်ပါဘူး။
အဲ့ဒီနောက်တော့ ထုံးစံအတိုင်း ကုန်းပတ်ပေါ်မှာ မနက်စာစားပြီးတော့ လမ်းလျှောက်ခဲ့တာပါ။ အဲ့ဒီအချိန်မှာ ကျွန်မစီးလာတဲ့ ဇိမ်ခံပင်လယ်ကူးသင်္ဘောကြီးက တဖြေးဖြေးချင်းမောင်းနှင်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ရေခဲတုန်းကြီးတွေ ရေခဲတောင်ကြီးတွေနဲ့ တိုက်မိမှာစိုးတာကြောင့်ပါတဲ့။ အရင်က ဒီလိုပြဿနာမျိုးတွေ ရှိခဲ့ဘူးတယ်တဲ့။
ကျွန်မတို့ နေလယ်စာကို သွားစားတော့ ညစာစားတဲ့ ခန်းမကြီးမှာပဲ အကျအနကျွေးမွေးဧည့်ခံပါတယ်။ သင်္ဘောကြီး မြို့တွေမှာ ကမ်းမကပ်တာကြောင့်ပါပဲ။ ညစာကိုတော့ သတ်မှတ်ထားတဲ့ စားပွဲမှာပဲ စားခွင့်ရှိပေမယ့် နေ့လယ်စာကိုတော့ မိမိနှစ်သက်ရာစားပွဲမှာ အဆင်သင့်သလို စားလို့ရပါတယ်။ ကျွန်မကတော့ နေပူတဲ့နေရာ တစ်နေရာကို ရွေးချယ်ထိုင်ပြီးတော့ စားခဲ့ပါတယ်။ အစားအသောက်ကတော့ ပင်လယ်စာတွေပေါ့။ တော်တော်လေး အရသာရှိပါတယ်။
ထမင်းစားပြီးတာနဲ့ ဟင်းချက်ပြိုင်ပွဲရှိလို့ ကမန်းကတမန်းနဲ့ သွားကြည့်ခဲ့ကြပါသေးတယ်။ ၃ နာရီထိုးချိန်မှာ အကသင်တန်းကို ပြေးခဲ့ကြရပြန်ရောပေါ့။ သင်္ဘောကြီးထဲမှာ ဘယ်မှမသွားရတဲ့နေ့ဆိုပေမယ့် လုပ်စရာတွေကတော့ အများကြီးရှိနေခဲ့တာပါ။ ၃ နာရီခွဲပြန်တော့လည်း လက်ဖက်ရည်ပွဲက စပြန်ရော။ အဲတော့ လက်ဖက်ရည်ပွဲ သွားခဲ့ရပြန်ရောပေါ့။ သင်္ဘောကြီးကလည်း ကြီးလွန်းတော့ အပေါ်တက်လိုက် အောက်ဆင်းလိုက်ပေါ့။ ကိုယ့်အခန်းကို ကိုယ်ပြန်ဖို့ဆိုတာက သိပ်မလွယ်ဘူး။ နောက်ဆုံးကျမှ Spa ကို သွားမယ်၊ ရေစိမ်တော့မယ်ဆိုတော့မှ ကျွန်မလည်း အခန်းပြန်ပြီး အဝတ်တွေဘာတွေလဲခဲ့ပါတယ်။ ၆ နာရီ ၁၅ လောက် Spa ကနေပြန်ရောက်တဲ့အချိန်မှာ မြင်ရတဲ့ မြင်ကွင်းက ရေခဲတုံးကြီးတွေက သင်္ဘောပတ်ပတ်လည်မှာ။ အရမ်းကိုလှတာပါပဲ။ အဲ့ဒီမှာတော့ ရေခဲတုံးတွေကို ဓာတ်ပုံရိုက်၊ ပြီးတော့ အေးအေးဆေးဆေး အအေးလေးဘာလေးသောက်ပြီးတော့ အနားယူခဲ့တာပါ။
၇ နာရီခွဲလောက်ကျတော့ ထမင်းစားပွဲမသွားခင် အဒဲဂျီယို (Adagio) လို့ ခေါ်တဲ့ စန္တရားဆရာရယ်၊ တယောဆရာရယ် ၂ ယောက်ပေါင်းပြီးတီးတဲ့ တီးဝိုင်းက သံစဉ်တွေနားထောင်ခဲ့ပါသေးတယ်။ သူတို့က အဆိုမပါဘူး၊ အတီးသီးသန့်တီးဝိုင်းပေါ့။ ဂန္တဝင်ရှေးဟောင်းသီချင်းတွေ တီးကြတာပေါ့။ ကျွန်မက သူတို့တီးဝိုင်းလာတိုင်း ဒေါက်တာ ရှီဗားဂိုး (Doctor Zhivago) ရုပ်ရှင်ထဲက Somewhere My Love သီချင်းကို အမြဲတီးခိုင်းတယ်။ အဲ့အခါကျတော့ သူတို့က ကျွန်မမြင်ရင်ကို သိနေပြီ။ ကျွန်မဝင်လာပြီဆိုရင် သူတို့ကလည်း ပြုံးပြ၊ ကိုယ်ကလည်း ပြန်ပြုံးပြပေါ့။ ပြီးရင် သူတို့က အဲ့သီချင်းတီးပေးခဲ့တော့တာပဲ။ အဲ့ဒီညရဲ့ အဓိကဖျော်ဖြေရေးအစီအစဉ်က တစ်ကိုယ်တော် ဖျော်ဖြေရေးပွဲဖြစ်ပြီးတော့ အတော်လေးကောင်းမွန်ခဲ့ပါတယ်။ ဒီလိုနဲ့ အခန်းပြန်ပြီး အနားယူပြီး နောက်တနေ့ မနက် ၆ နာရီမှပဲ နိုးပါတော့တယ်။
ဒီနေ့က ဇန်နဝါရီလ ၂ ရက်နေ့ပါ။ အဲ့ဒီအချိန်မှာ သင်္ဘောကြီးဟာ ရေခဲပြင်ကြီးကလွဲပြီး ဘာမှမမြင်ရတဲ့ အခြေအနေမျိုးနဲ့ ကမ်းမမြင်လမ်းမမြင်ဖြတ်သန်းနေခဲ့ပါတယ်။ တခါတလေမှာ စင်ရော်ငှက်လေး တစ်ကောင်တစ်လေလောက် ပျံသန်းဖြတ်သွားတာမျိုးကလွဲပြီး ဘာမှမရှိပါဘူး။ ဒီနေ့မှာ ဂလေစီယာ (Glacier) ဆိုတဲ့ ရေခဲတောင်ကြီးတွေ၊ ရေခဲမြစ်ကြီးတွေ မျောပါနေတဲ့ နေရာကို ရောက်တော့မယ်ဆိုတဲ့အတွက် လူတွေက ကင်မရာပြောင်းတို၊ ပြောင်းရှည်မျိုးစုံနဲ့ အားတက်သရော စောင့်နေခဲ့ကြပါတော့တယ်။ အဲ့ဒီမှာ Expedition လို့ခေါ်တဲ့ သုတေသနအဖွဲ့တွေက ပြုလုပ်ထားတဲ့ စခန်းတွေရှိတယ်။ အဲ့ဒီသုတေသနစခန်းတွေက အဖွဲ့ ၂ ဖွဲ့ကလည်း သင်္ဘောကြီးပေါ် တက်လာပါတယ်။ လှေလေးတွေနဲ့ လာကြတာပါ။
ကျွန်မကတော့ မနက်စာစားပြီးတော့ ကျီးကန်းသိုက်လို့ခေါ်တဲ့ ၁၁ ထပ်ပေါ်က အခန်းကနေပဲ ကြည့်နေခဲ့တာပါ။ အဲ့ဒီကို မနက်စာယူစားလို့လည်း ရပါတယ်။ ၃၆၀ ဒီဂရီပတ်ပတ်လည်က ဂလေစီယာလို့ခေါ်တဲ့ ရေခဲတုံး၊ ရေခဲတောင်တွေချည်းပါပဲ။ ပတ်လည်ဝိုင်းနေကြတာပါ။ အရင်တစ်ရက်က တွေ့ခဲ့တဲ့ ဝေလငါးတွေလားတော့ မသိပါဘူး၊ ဝေလငါး ၃ ကောင်ထပ်တွေ့ပြန်ပါသေးတယ်။ သူတို့ကိုမြင်တော့ လူတွေကတော့ အုံးအုံးကျက်ကျက်ပဲပေါ့။
နေကသာနေပြီး ရေခဲတောင်ကြီးတွေ ရေခဲမြစ်ကြီးတွေထဲကို နေရောင်ကျနေတဲ့ အလှက စာဖွဲ့လို့တောင် မမှီနိုင်လောကအောင်ကို လှတာပါ။ အဲ့ဒီမှ ရှင်းပြနေတဲ့ ဂိုက်က သူတို့ သင်္ဘောတွေနဲ့ သွားနေတဲ့ ကာလတစ်လျှောက်မှာ ဒီလောက်လှတာကို သူကိုယ်တိုင်တောင် တစ်ခါမှမတွေ့ဖူးသေးဘူးလို့ ဆိုပါတယ်။ တောင်ပေါ်က ရေခဲနေတဲ့ပုံက ချောကလက်တုန်းကြီးမှာ အဖြူရောင်ခရင်မ်နဲ့လိုမျိုးဖြစ်နေတာတွေလည်း ရှိတယ်၊ နောက်တစ်နေရာမှာဆိုရင်လဲ တစ်တောင်လုံးရေခဲဖြစ်နေပြီး ပြာလဲ့လဲ့အရောင်လေးတွေက အပေါ်မှာတင်ထားသလိုမျိုးဖြစ်နေတာမျိုး။ ပိုလှတာကတော့ ရေခဲမြစ်ပဲ။ ရေခဲတုံးတွေ တောက်လျှောက်စီးမျောနေချိန်မှာ ရေရဲ့ အရောင်အပြာနဲ့ အပေါ်က ရေခဲတုန်းရဲ့ အပြာရောင်နဲ့က တကယ်တမ်းမတူပဲ ကွဲပြားနေတယ်။ ရေခဲတုန်းက စိမ်းပြာရောင်ဖြစ်ပြီးတော့ ရေကတော့ အပြာဘက်ပိုရောက်တယ်။ ဒီလိုအချိန်မှာ နေရောင်က ဖြာကျလာတော့ တလက်လက်တောက်ပနေပြီး သိပ်ကိုလှပနေတော့တာပဲ။ အဲဒီရေခဲတုံးကြီးတွေပေါ်မှာ နေပူဆာလှုံနေတဲ့ ဖျံကြီးတွေကိုလည်း မြင်ခဲ့ရပါသေးတယ်။
အဲ့ဒီမှာ ကျွန်မ လူတစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ဒီလောက်လှပတဲ့နေ့ကြီးကို ဖြတ်သန်းနေရချိန်မှာ ဘေးနားမှာ ထိုင်နေကြတဲ့ လူတွေနဲ့လည်း စကားစမြည်ပြောဖြစ်ခဲ့ကြတာပေါ့။ ကျမတို့က လမဲရ် ရေလက်ကြား (Lemaire Channel) ဆိုတာကို ရောက်တော့မယ်။ လမဲရ် ရေလက်ကြားက အင်မတန်မှ ဝင်ရခက်သလို ထွက်ရလည်းခက်တယ်။ လှလည်း အင်မတန်မှလှတယ်။ ကျွန်မတို့ သင်္ဘောကြီးက လမဲရ်ရေလက်ကြားထဲကို ဝင်တော့မယ်ဆိုတဲ့အချိန်မှာ အဲ့ဒီလူက ဘာပြောလဲဆိုတော့ ဒီခရီးကို သူ ၇ ခေါက်သွားပြီးပြီတဲ့။ ကျွန်မဖြင့် သူ့ကို ကြည့်ပြီး အတော်အံ့သြသွားတယ်။ ဒီခရီးကို ၇ ခေါက်သွားတယ်ဆိုတာ အတော်ကိုကြိုက်လို့သွားနေတာနေမှာပါ။ သွားချည်လာချည် ၇ ခေါက်ရှိပြီတဲ့။ ၂ ခေါက်ပဲ လမရ်ရေလက်ကြားကို ဝင်ရတယ်တဲ့။ ရာသီဥတုမကောင်းလို့ပါတဲ့။ ၂ ခေါက်မှာ ၁ ခေါက်က ၇ မိနစ်ပဲနေပြီးတော့ ဝင်ပြီးတာနဲ့ ချက်ခြင်းပြန်ထွက်ရတယ်။ ဘာလို့လဲဆိုတော့ မုန်တိုင်းက ထွက်လာတာနဲ့ ကြုံတာမို့ ဦးရွှားဝါး (Ushuaia) ဆိုတဲ့မြို့ဆီ ချက်ခြင်းပြန်လှည့်ခဲ့ရတယ်လို့ သူက ပြောပြခဲ့ပါတယ်။
ပြီးတော့ ကျွန်မတို့လည်း ပတ်ဝန်းကျင်ကို မှန်ပြောင်းနဲ့လည်းကြည့်တာပေါ့နော်။ မှန်ပြောင်းနဲ့ကြည့်တော့ ပင်ဂွင်းငှက်လေးတွေလည်း တွေ့ရတယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ ငှက်လေးတွေ။ ပင်ဂွင်းလေးတွေက ရေလျှော့စီးစီးပြီး ရေထဲဆင်း၊ ပြီးရင်ပြန်တက်လာလိုက်နဲ့ အလုပ်ရှုပ်နေကြတာ။ မှန်ပြောင်းလေးနဲ့ ကြည့်ရတာလည်း ကောင်းရဲ့။ နေရောင်ကလည်း လှတော့ တကယ့်ကိုလှတဲ့ နေ့တစ်နေ့ပါပဲ။
နောက်တော့ ကျွန်မတို့ သင်္ဘောကြီး လမဲရ်ရေလက်ကြားကနေ ပြန်ထွက်လာခဲ့ပါတယ်။ နေ့လယ်စာစားရင်းပေါ့။ ပြန်ထွက်လာတဲ့အခါကျတော့ အဲ့ဒီမှာ ပါမာစခန်း (Palmer Station) ဆိုတာကို တွေ့ရတယ်။ အဲ့ဒါကတော့ အမေရိကန်ပြည်ထောင်စုရဲ့ သုတေသနစခန်းပေါ့။ အန်းဗားစ်ကျွန်း (Anvers Island) မှာတည်ဆောက်ထားတဲ့ အန္တာတိကလေ့လာရေး သုတေသနစင်တာ တစ်ခုပါ။ ဗဟုသုတအနေနဲ့ တွေ့မြင်လိုက်ရတာပေါ့။ ဒီစခန်းကိုလည်း ပါမာလို့ အမည်ပေးထားတာက အန္တာတိက ကို ပထမဆုံးရောက်ဖူးတဲ့ အမေရိကန်သား နသန်နီရယ် ပါမာ (Nathaniel B. Palmer) ကို အစွဲပြုပြီးပေးထားတာပါ။ ဒီစခန်းမှာ လူ ၄၀ လောက်ရှိကြပါတယ်။ အများဆုံး ၄၆ ယောက်အထိပဲ နေလို့ရပါတယ်။ ဆောင်းတွင်းကာလတွေမှာဆိုရင်တော့ စခန်းမှာနေထိုင်သူ ၁၅ ယောက်၊ အယောက် ၂၀ လောက်ပဲ ကျန်ပါတယ်။
နေ့လယ်စာတွေဘာတွေ အေးအေးဆေးဆေးစားပြီး၊ ရေခဲတုန်းတွေ ရေခဲမြစ်တွေလည်းကြည့်လို့ဝပြီဆိုတဲ့နောက် ကျွန်မရဲ့ ထုံးစံအတိုင်း ရုပ်ရှင်သွားဝင်ကြည့်လိုက်ပါသေးတယ်။ သင်္ဘောပေါ်မှာ ရုပ်ရှင်ရုံကလည်း ရှိတယ်လေ။ ရုပ်ရှင်ဝင်ကြည့်ပြီး ပါမာစခန်းကိုလည်း ဓာတ်ပုံတွေဘာတွေ ရိုက်ပေါ့။ လုပ်ချင်တာလေးတွေ လုပ်ခဲ့တော့ မပျက်မကွက်ပါပဲ Spa ကိုသွားခဲ့ပါတော့တယ်။
Spa ကိုဝင်သွားပြီး ရေပူကန်ထဲမှာ စိမ်နေချိန်ဆိုတော့ ကင်မရာက ပါမသွားဘူး။ ကင်မရာရေစိုမှာ ကြောက်တော့လည်း ယူမသွားဖြစ်ခဲ့ဘူးလေ။ အဲ့ချိန်ကျတော့မှ ပင်ဂွင်းငှက်တွေ အများကြီး နေရောင်အောက်မှာ အရမ်းကိုလှနေတာကို လှမ်းမြင်ခဲ့ရတာပါ။ အေးဆေးအနားယူပြီး ၇ နာရီ ခွဲလောက်ရောက်ရင် ထုံးစံအတိုင်း အဒဲဂျီယိုတီးဝိုင်းမှာ ဂန္တဝင်သီချင်းသွားနားထောင်ပြီးရင် ညစာစားပြုပြီး အေးအေးဆေးဆေးပြန်အနားယူခဲ့ပါတယ်။
– မေတ္တာဦး –
နေ့စဉ်ဘဝမှာ အသုံးတည့်စေမယ့် စိတ်ဝင်စားဖွယ် Lifestyle အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင် Lo To Shin Media ရဲ့ Website နဲ့ Facebook Page တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။