အသားအရေ ထိန်းသိမ်းတယ်လို့ ပြောလိုက်ရင် လေဒီလေးတွေနဲ့ပဲ သက်ဆိုင်တဲ့အရာလို့ တော်တော်များများက လက်ခံထားကြပါတယ်။ ဒီယူဆချက်ဟာ အရင်တုန်းကဆိုရင်တော့ မှားတယ်မဆိုနိုင်ပေမယ့် အခုခေတ်မှာတော့ မှားတယ်လို့ ဆိုချင်ပါတယ်။
အလှအပတရားက ကျား/မ အားလုံးနဲ့ သက်ဆိုင်သလို ကိုကိုတွေလည်း လေဒီလေးတွေလိုပဲ အသားအရေ ထိန်းသိမ်းဖို့ လိုပါမယ်။ ယောက်ျားလေးပဲ ဘာဖြစ်လဲ လှဖို့မလိုပါဘူးဆိုတဲ့ အတွေးတွေကို အခုပဲ ဝဲလိုက်တော့နော်။ တကယ်တော့ ဒီအယူအဆကမှားယွင်းနေတယ်လို့ပြောပါရစေ။ လူသားတိုင်းက အလှအပတရားနဲ့ သက်ဆိုင်သူချည်းပါ။
ယောက်ျားလေးက အလှအပတရားနဲ့ သက်ဆိုင်တယ်ဆိုလို့ မိတ်ကပ်တွေပြင်တာမျိုးတော့ လှမ်းမတွေးလိုက်နဲ့နော်။ ဒီနေရာမှာ ပြောချင်တာက မိတ်ကပ်လိမ်းတဲ့အလှအပမျိုးမဟုတ်ဘဲ ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ယောက်ျားပီသတဲ့ အလှအပတရားကိုပြောချင်တာပါ။
အသားအရေလှပမှုကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေတဲ့ အချက်တစ်ခုဆိုလည်း မှန်ပါတယ်။ ဒါကြောင့်ယောက်ျားပီပီသသနဲ့ ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်သင့်တဲ့ အချက်လေးတွေကိုပြောပြပေးပါရစေ။
သားကြီးတို့လည်း ကျန်းမာလှပတဲ့ အသားအရေ ပိုင်ဆိုင်ဖို့လိုအပ်တယ်နော်
သားကြီးတို့ ကျန်းမာလှပတဲ့ အသားအရေ ပိုင်ဆိုင်ဖို့အတွက်က
ရေလုံလောက်အောင်သောက်ပါ
ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ရေဓာတ်လုံလောက်စွာရရှိဖို့လိုအပ်ပါမယ်။ တကယ်လို့များ ခန္ဓာကိုယ်မှာရေဓာတ်နည်းလာပြီဆိုရင် အသားအရေကခြောက်သွေ့ပြီး အရေပြား အဖတ်လန်တာမျိုးတွေဖြစ်နိုင်သလို အရေးအကြောင်းတွေလည်းဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသားအရေကျန်းမာလှပဖို့ဆိုရင် အရင်ဆုံးမဖြစ်မနေ လိုက်နာသင့်တာကနေ့စဉ်ရေလုံလောက်အောင်သောက်တဲ့ အကျင့်ကိုမွေးမြူဖို့ပါ။ တစ်နေ့ကို အနည်းဆုံးရေ ၈ ခွက်သောက်ပေးပါ။
ဗီတာမင် C ပါအောင်စားသုံးပေးပါ
ဗီတာမင် C ကအရေပြားမှာ အရေးအကြောင်းတွေကင်းစင်စေပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကြည်လင်ပြီး တင်းရင်းလှပစေချင်တယ်ဆိုရင်တော့နေ့စဉ်စားသုံးမယ့် အစားအစာတွေထဲမှာ ဗီတာမင် C ပါဝင်အောင်စားသုံးပေးပါ။ ဗီတာမင် C ကို သံပရာသီး၊ လိမ္မော်သီး၊ရှောက်ချိုသီး၊ ဂရိတ်ဖရု နဲ့ ကီဝီအပါအဝင် အခြားအချဉ်ဓါတ်ပါတဲ့ အသီးတွေကို စားသုံးပေးပါ။
နေလောင်ဒဏ်ကို ကာကွယ်ပါ
ကာကွယ်တာက ကုသတာထက်ထိရောက်တယ်ဆိုတဲ့ စကားကိုကြားဖူးမှာပေါ့။ ဒါကြောင့် အသားအရေကို မပျက်စီးခင်ကတည်းက ကြိုတင်ကာကွယ်တဲ့အနေနဲ့နေလောင်ကာခရင်မ်လူးတာမျိုးလုပ်ပေးပါ။နေပူထဲထွက်တဲ့အခါ ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာမျိုးလုပ်ပေးပါ။နောက်တစ်ခုလုပ်နိုင်တာက အင်္ကျီလက်ရှည်ဝတ်ဆင်ပေးပါ။
မျက်နှာကိုနေ့စဉ်သန့်စင်ပါ
မျက်နှာကို သန့်စင်ပါဆိုတဲ့နေရာမှာလည်း မျက်နှာကို အကြိမ်ကြိမ်သစ်ခိုင်းတာမဟုတ်ပါဘူး။ မနက်အိပ်ရာ ကနိုးတဲ့အခါ တစ်ကြိမ် ညဘက်အိပ်ရာမဝင်ခင်မှာ တစ်ကြိမ် သန့်စင်ဆေးကြောဖို့ပါ။ မျက်နှာကို မျက်နှာသစ်ဆပ်ပြာနဲ့ သန့်စင်ဆေးကြောပေးပါ။ အလွယ်တကူရေချိုးဆပ်ပြာနဲ့ သစ်လိုက်တာမျိုးမလုပ်ပါနဲ့။
အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ
အစိုဓာတ်ထိန်းခရင်မ်လူးတာက အမျိုးသမီးရော အမျိုးသားပါလိုက်နာသင့်တဲ့ အခြေခံကျတဲ့ အသားအရေထိန်းသိမ်းနည်းတစ်ခုပါ။ ဒါကြောင့် မျက်နှာအသားအရေထိန်းသိမ်းဖို့အတွက် မျက်နှာသစ်ပြီးတဲ့အခါ တိုနာသုံးပြီး အစိုဓါတ်ထိန်းခရင်မ်လူးပေးပါ။
ဆဲလ်သေတွေကို ဖယ်ရှားပါ
အသားအရေထိန်းသိမ်းတဲ့အခါမေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပါ။ တစ်ပတ်တစ်ကြိမ်လောက်တော့ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ အသားအရေကိုချောမွေ့နူးညံ့စေပါလိမ့်မယ်။ မျက်နှာကိုရော ခန္ဓာကိုယ်အသားအရေပေါ်ကပါ ဆဲလ်သေတွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်ဖယ်ရှားပါ။ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ။
အာဟာရမျှတအောင်စားသုံးပါ
စားသုံးတဲ့အစားအစာတွေထဲမှာ သစ်သီး၊ ဟင်းသီးဟင်းရွက် နဲ့ အသားတို့ကို ညီညွတ်မျှတအောင် စားသုံးပေးပါ။ တစ်နေ့တာစားသုံးသမျှအစားအစာတွေထဲမှာ လိုအပ်တဲ့ ဗီတာမင်တွေမျှတစွာပါဝင်အောင်စားသုံးတာက ခန္ဓာကိုယ်အတွက်ရော အသားအရေအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ
အသားအရေလှပကျန်းမာစေဖို့အတွက်က သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတော့ရှိဖို့လိုပါမယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀လောက်တော့ လမ်းလျှောက်တာဖြစ်ဖြစ်၊ စက်ဘီးနင်းတာနဲ့ အခြားသော ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးပါ။
အိပ်ရေးဝပါစေ
အမျိုးသားအများစုက အိပ်ချိန်ပုံမှန်မရှိကြပါဘူး။ ညဘက်တွေကိုလည်း ညနက်တဲ့အထိ အလုပ်လုပ်တာ၊လျှောက်သွားတာ၊ ရုပ်ရှင်ကြည့်တာ နဲ့ အင်တာနက်အသုံးပြုတာ၊ ဘောလုံးပွဲကြည့်တာတွေလုပ်လေ့ရှိပါတယ်။ ဒါကြောင့် အသားအရေကျန်းမာစေဖို့ဆိုရင် အနည်းဆုံး တစ်ညကို အိပ်ချိန် ၈ နာရီတော့ မဖြစ်မနေရှိသင့်ပါတယ်။ ညဘက်ကို သတိထားပြီး အိပ်ချိန် ၈ နာရီပြည့်အောင်အိပ်စက်ဖို့ မမေ့ပါနဲ့။
မုတ်ဆိတ်ရိတ်ဓားကိုသေချာရွေးချယ်ပါ
အမျိုးသားတွေအနေနဲ့ မျက်နှာအသားအရေမှာ ထိခိုက်မှုနည်းစေဖို့ဆိုရင် မုတ်ဆိတ်ရိတ် ဓားရွေးချယ်တဲ့အခါ အဆင်ပြေဆုံးဖြစ်မယ့်အရာကိုသေချာသတိထားရွေးချယ်ဖို့လိုအပ်ပါမယ်။ မုတ်ဆိတ်ရိတ်တဲ့ဓားက အဆင်မပြေတဲ့အခါ မျက်နှာမှာ ဓားထိတာမျိုးဖြစ်နိုင်သလို အရေပြားမှာ ကျိန်းစပ်တာ၊နာကျင်တာမျိုးတွေရှိနိုင်ပါတယ်။
အကျင့်ဆိုးတွေကိုဖျောက်ပါ
ယောက်ျားလေးတွေက မိန်းကလေးတွေထက် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အကျင့်တော်တော်များများရှိပါတယ်။ မြင်သာအောင်ပြောပြရရင် အရက်၊ဘီယာသောက်တာ။ ဆေးလိပ်သောက်တာမျိုးပါ။ ဒါတွေက ဆိုးရွားတဲ့ ကျန်းမာပြဿနာတွေကိုဖြစ်စေနိုင်သလို အသားအရေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ နှုတ်ခမ်းသားရဲ့ အပေါ်ယံအလွှာကို ပျက်စီးစေနိုင်သလို မျက်နှာ အသားအရေကိုပါထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက်ရော အသားအရေလှပကျန်းမာမှုအတွက်ပါ မသင့်တော်တဲ့ အပြုအမူတွေကို စွန့်လွှတ်ပါ။ လုံးဝမစွန့်လွှတ်နိုင်ဘူးဆိုရင်တောင် လျှော့လုပ်ပါ။