အမှားတွေကနေ ဂိုးပေးနေရဆဲ အခြေအနေကို စိုးရိမ်မိကြောင်း အာတီတာဖွင့်ဟ

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက ချယ်လ်ဆီးအသင်းနဲ့ရင်ဆိုင်ကစားခဲ့တဲ့ Mind Series ခြေစမ်းပွဲစဉ်မှာ အသင်းသားတွေရဲ့ တစ်ဦချင်းအမှားကနေတဆင့် အနိုင်ဂိုးပေးလိုက်ရတဲ့အပေါ် စိုးရိမ်စိတ်ဖြစ်မိကြောင်း ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ခံစစ်ကစားပုံတိုးတက်လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ ပေးဂိုးအနည်းဆုံးအသင်းစာရင်းဝင်ဖြစ်ခဲ့ပေမယ့် အသင်းသားတွေရဲ့ တစ်ဦးချင်းအမှားတွေကနေတဆင့် ပေးခဲ့ရတဲ့ဂိုးအရေအတွက်ကတော့ များပြားခဲ့ပါတယ်။

ယခုနှစ်ရာသီအစမှာကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်တွေမှာလည်း အာဆင်နယ်အသင်းသားတွေဟာ အမှားတွေကျူးလွန်နေကြဆဲဖြစ်ပြီး တစ်ဦးချင်းအမှားတွေကနေတဆင့် ပေးဂိုးတွေ ပေးခဲ့ကြပါတယ်။ ယမန်နေ့တုန်းက ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာလည်း ဟက်တာ ဘယ်လာရင်ရဲ့ လူပေးမှားမှုကနေတဆင့် ချယ်လ်ဆီးတိုက်စစ်မှူး တမ်မီ အေဗရာဟမ်က အနိုင်ဂိုးသွင်းယူသွားတာကို ခံခဲ့ရပါတယ်။

အာတီတာကတော့ အဆိုပါအခြေအနေတွေနဲ့ ပတ်သက်ပြီး ခုလိုမျိုးပြောဆိုခဲ့ပါတယ်။ “ဒီဖြစ်ရပ်တွေကို ကျွန်တော် စိုးရိမ်မိပါတယ်။ ဘာလို့လဲဆိုရင် ကိုယ်က မှန်မှန်ကန်ကန်နေရာယူထားနိုင်လျက်နဲ့ လူပေးမှားပြီး ဂိုးတွေပေးနေရတာက ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီလိုဖြစ်ရပ်တွေကြောင့် တစ်ဖက်ပြိုင်ဘက်က ၁ ချက်၂ ချက်ပဲ ဘောလုံးထိပြီး ဂိုးသွင်းယူခွင့်ရသွားခဲ့ပါတယ်” လို့ အာတီတာက ဆိုခဲ့ပါတယ်။

“ဒီကိစ္စက ဖြေရှင်းရခက်ခဲတဲ့ ပြဿနာတစ်ခုပါ။ ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အမှားကျူးလွန်မိတာမို့ ပြန်ပေးဆပ်ခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်အချိန်မှာ စွန့်စားသင့်ပြီး ဘယ်အချိန်မှာ မစွန့်စားသင့်ဘူးဆိုတာကို နားလည်သဘောပေါက်ဖို့ လိုအပ်နေပါတယ်။ ခုအခြေအနေက ကစားသမားတွေအကြား တစ်ချို့အခြေအနေတွေမှာ နားလည်မှုအားနည်းနေသေးတယ်ဆိုတာကို မြင်သာစေပါတယ်။ ဒီလိုအပြုအမူမျိုးတွေက ပရီးမီးယားလိဂ်မှာ အသင်းကို ဒုက္ခပေးနိုင်ပါတယ်” လို့လည်း အာတီတာက အသင်းသားတွေကို သတိပေးစကားဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ စပါးအသင်းနဲ့ ယခုနှစ်ရာသီအတွက် နောက်ဆုံးခြေစမ်းပွဲကို ဆက်လက်ကစားသွားမှာဖြစ်ပြီး လာမယ့် သြဂုတ်လ ၁၃ ရက်နေ့မှာတော့ ဘရန့်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို စတင်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။

Source: Arsenal Media

Leave a Reply