
ဗြိတိန်မီဒီယာတွေကတော့ နယူးကာဆယ်အသင်းကို ဆော်ဒီအာရေးဗီးယား အိမ်ရှေ့မင်းသား ဘန် ဆယ်လ်မန်ရဲ့ PIF က ဝယ်ယူခဲ့ပြီးတဲ့နောက်မှာ အရှေ့အလယ်ပိုင်းက ရေနံသူဌေးတွေရဲ့ နောက်ထပ်ပစ်မှတ်က အာဆင်နယ်အသင်းဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ခုလိုမျိုး သုံးသပ်ချက်တွေ ပေါ်ထွက်လာရတဲ့အကြောင်းအရင်းကတော့ လန်ဒန်အခြေစိုက် ကာတာယဉ်ကျေးမှု သံအမတ်ကြီး မိုဟာမက် အယ်လ် ကာဘီရဲ့ မှတ်ချက်စကားကြောင့်ဖြစ်ပါတယ်။

ဆော်ဒီ အိမ်ရှေ့မင်းသား ဘန် ဆာလ်မန်ရဲ့ PIF က နယူးကာဆယ် ယူနိုက်တက်အသင်းကို ဝယ်ယူပြီး နောက်တစ်ရက်မှာ ကာတာယဉ်ကျေးမှုသံအမတ်ကြီး မိုဟာမက် အယ်လ် ကာဘီက သူ့ရဲ့ တရားဝင် Twitter အကောင့်မှာ “နယူးကာဆယ်ကို သူတို့ ဝယ်သွားပြီးတဲ့နောက်မှာ ငါတို့ အာဆင်နယ်ကို လိုအပ်နေပြီ” လို့ ရေးတင်ခဲ့ပါတယ်။
အဆိုပါ Tweet ဟာ လက်ရှိအသင်းပိုင်ရှင် စတန် ခရွန်ကီကို အသင်းကနေထွက်ခွာစေလိုနေကြတဲ့ အာဆင်နယ်အသင်း ပရိတ်သတ်တွေအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုဖြစ်လာခဲ့ပြီး ခရွန်ကီတစ်ယောက် ဒီတစ်ကြိမ်မှာတော့ အသင်းကို သေချာပေါက် ရောင်းထုတ်လိမ့်မယ်လို့ အခိုင်အမာယုံကြည်သူတွေလည်း တိုးပွားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက ဆွီဒင် ဘီလီယံနာ ဒန်နီယယ် အက်ခ်က အာဆင်နယ်အသင်းကို ဝယ်ယူဖို့ စတင်ကြိုးပမ်းခဲ့ပြီး ကမ်းလှမ်းမှု ၂ ကြိမ်ပြုလုပ်ခဲ့ပေမယ့် ခရွန်ကီမိသားစုဘက်က ရောင်းထုတ်ဖို့ ငြင်းဆန်ထားပါတယ်။ Spotify ရဲ့ တည်ထောင်သူ အက်ခ်ကတော့ အာဆင်နယ်အသင်းကို ဝယ်ယူရေးကြိုးပမ်းနေမှုကို လက်လျှော့သွားမှာမဟုတ်ဘူးလို့ အခိုင်အမာဆိုးထားပြီး နောက်ထပ်ကမ်းလှမ်းမှုပြုလုပ်ဖို့ အခွင့်အလမ်းရှာဖွေနေတယ်လို့ ပရိတ်သတ်တွေကို အသိပေးထားပါတယ်။

တစ်ဖက်မှာလည်း အာဆင်နယ်ကို အရှေ့အလယ်ပိုင်းလုပ်ငန်းရှင်တွေ ဝယ်ယူဖို့ စိတ်ဝင်စားနေတာဟာ ခုမှ ပထမဆုံးအကြိမ်မဟုတ်ပဲ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ကာတာအာဏာရှင်ဟောင်း ခါလီော ဘင်ဟာမက် အယ်လ် သနီက အာဆင်နယ်ကို ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း ပြောဆိုတာမျိုးရှိခဲ့ဖူးပါတယ်။
ခုချိန်မှာတော့ ကာတာယဉ်ကျေးမှုသံအမတ်ကြီးရဲ့ စကားအသွားအလာတွေအရ ကာတာအခြေစိုက် Qatar Sports Investments က အာဆင်နယ်ကို ဝယ်ယူရေးခြေလှမ်းတွေ စတင်လာနိုင်ခြေမြင့်မားလာနေတယ်လို့ သုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေပြီဖြစ်ပါတယ်။