အသင်းအတွက် လိုအပ်လာရင် ဘာမဆိုပေးဆပ်သွားပါမယ် – ဘန်ဝှိုက်

အာဆင်နယ်အသင်းရဲ့ ဗဟိုခံစစ်မှူးသစ် ဘန်ဝှိုက်က သူ့အနေနဲ့ အသင်းအတွက် ပေးဆပ်ဖို့ လိုအပ်လာမယ်ဆိုရင် ဘာမဆိုပေးဆပ်လုပ်ဆောင်ပေးသွားမှာဖြစ်သလို နေရာပြောင်းရွှေ့ကစားပေးဖို့ လိုအပ်လာမယ်ဆိုရင်လည်း ပြောင်းရွှေ့ကစားပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဗဟိုခံစစ်မှူး ဘန်ဝှိုက်ဟာ ဗဟိုခံစစ်မှူးတစ်ယောက်အတွက် မက်ဂွိုင်းယားနဲ့ ဗန်ဒိုက်ချ်တို့ပြီးရင် တတိယမြောက် အမြင့်ဆုံး ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် သန်း ၅၀ နဲ့ ဘရိုက်တန်အသင်းကနေ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့လာသူဖြစ်ပြီး သူ့ရဲ့ ပထမဆုံးအင်တာဗျူးမှာတင် ခုလိုမျိုး ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဘန်ဝှိုက်က “ကျွန်တော်က ဖိအားတွေကို တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်နိုင်စွမ်းရှိပါတယ်။ ဘောလုံးကို သက်သောင့်သက်သာ ကိုင်ကစားနိုင်သလို ခက်ခက်ခဲခဲကာကွယ်နေရတဲ့အချိန်တွေကို အရည်အသွေးပြည့်ပြည့်ဝဝနဲ့ ကိုင်တွယ်ဖြေရှင်းတတ်ပါတယ်။ ကျွန်တော့် အဓိကနေရာက ဗဟိုခံစစ်ပါ။ ကျွန်တော် ဒီနေရာမှာ နှစ်ပေါင်းများစွာ ကစားခဲ့တာပါ။ ဒါပေမယ့် မတူညီတဲ့နေရာတွေမှာလည်း ကျွန်တော်ကစားနိုင်ပါတယ်။ အသင်းအတွက် အကူအညီဖြစ်မယ်ဆိုရင် ဘယ်နေရာမဆို ကျွန်တော်ကစားမှာပါ။ ဒီရာသီမှာ ဒီလိုအသင်းအတွက် ပေးဆပ်ပေးဖို့ လိုအပ်လာမယ်ဆိုရင် ကျွန်တော် သေချာပေါက် လုပ်ပေးမှာပါ။ ကျွန်တော် လိဂ်-၂ မှာ ကစားခဲ့ရတုန်းကဆို တိုက်စစ်မှူးအဖြစ်ပါ ကစားခဲ့ဖူးပါတယ်။ လိုအပ်လာရင် အဲဒီလိုလုပ်ပေးဖို့လည်း အသင့်ပါ” လို့ ဘန်ဝှိုက်က ဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် အာဆင်နယ်ကို ပြောင်းရွှေ့ခွင့်ရခဲ့တာကို အလွန်ကျေနပ်ပျော်ရွှင်နေပြီး နည်းပြအာတီတာရဲ့ အနာဂတ်အစီအမံတွေကို ယုံကြည်မှုရှိတာကြောင့် အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ သူကဆိုသွားခဲ့ပါတယ်။

“ကျွန်တော် ဒီထက်ပိုပြီး စိတ်ကျေနပ်စရာမရှိတော့ဘူးလို့ ဝန်ခံပါရစေ။ နွေရာသီတစ်လျှောက်လုံး နည်းပြ (အာတီတာ) နဲ့ ကျွန်တော် စကားအကြိမ်ကြိမ်ပြောဖြစ်ခဲ့ပါတယ်။ သူတို့သွားချင်တဲ့ လမ်းကြောင်းက တကယ်ကောင်းတယ်ဆိုတာကို ကျွန်တော် အာရုံခံစားမိနေခဲ့တာပါ။ ကျွန်တော် ဒီမှာ အရည်အသွေးကောင်းတွေ ထုတ်ဖော်ပြေသနိုင်ပြီး အာဆင်နယ်အသင်းကို အာဆင်နယ်နဲ့ထိုက်တန်တဲ့အဆင့်အတန်းဆီ ပြန်ရောက်အောင် ကူညီနိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ဝှိုက်က Arsenal Media ကို ပြောဆိုခဲ့ပါတယ်။

“ကျွန်တော် အောက်တန်းလိဂ်တွေမှာကစားဖူးသလို အငှားလည်း အကြိမ်ကြိမ်ထွက်ကစားဖူးပါတယ်။ ဒါပေမယ့် မပြောင်းလဲတာကတော့ အောင်ပွဲတွေကို ဆာလောင်မှုပါပဲ။ ကျွန်တော် ဒီအသင်းလို ထိပ်တန်းအသင်းကြီးတစ်သင်းမှာ ကစားခွင့်ရတော့မှာမို့ ပျော်ရွှင်နေသလို အသင်းကို နောက်တစ်ဆင့်မြှင့်တင်ပေးနိုင်ဖို့လည်း မျှော်လင့်နေမိတာပါ” လို့လည်း သူကဆိုသွားခဲ့ပါသေးတယ်။

Source: Arsenal Media

Leave a Reply