အသင်းအတွက် အားလုံးပေးဆပ်ခဲ့ပြီးမှ ကျွန်တော် ကွင်းထဲက ထွက်ခွာမှာပါ – ရမ်းစ်ဒေးလ်

ဂိုးသမားသစ် အာရွမ် ရမ်းစ်ဒေးလ်က သူ့ရဲ့ ပုံစံအရ သူ့အနေနဲ့ အသင်းအတွက် နှလုံးသားနဲ့ရင်းပြီး အရာအားလုံး စိတ်အားထက်သန်စွာ ပေးဆပ်ကစားပေးသွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းထံ ပေါင် ၂၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက် ပထမဆုံးပြုလုပ်တဲ့ အင်တာဗျူးမှာ အာရွမ် ရမ်းစ်ဒေးလ်က သူ့ရဲ့ စိတ်ခံစားချက်နဲ့ ကစားဟန်အကြောင်းကို ခုလိုမျိုး ရှင်းပြသွားခဲ့ပါတယ်။

“ကျွန်တော်က ဘောလုံးကို နှလုံးသားနဲ့ စိတ်နှစ်ပြီးကစားပါတယ်။ အားလုံးပေးဆပ်ခဲ့ပြီးမှ ကွင်းထဲက ထွက်ခွာပါတယ်။ ဒီလိုလုပ်ဆောင်ရတာက အရမ်းဂန္တဝင်ဆန်လွန်းတယ်လို့ ယုံကြည်ပါတယ်။ စိတ်အားထက်သန်မှုနဲ့ ဂုဏ်ယူတတ်မှုက ကျွန်တော့်ရဲ့ ပုံစံပါ။ ကျွန်တော့်မှာရှိသမျှ အရည်အသွေးတိုင်းကို အကုန်ပေးဆပ်သွားမှာဖြစ်သလို ပြိုင်ဘက်ကို တစ်နည်းနည်းနဲ့ရင်ဆိုင်ဖို့ ရှက်ရွံ့တန့်ဆုတ်နေတာမျိုးလည်း မြင်ရမှာမဟုတ်ပါဘူး” လို့ သူကဆိုခဲ့တာပါ။

ဒါ့အပြင် “ကျွန်တော်က ကြံ့ခိုင်မှုအပြည့်နဲ့ အချိန်အကြာကြီးဆော့နိုင်သလို၊ သက်သောင့်သက်သာနဲ့လည်း ကွင်းလယ်အထိ ဘောလုံးပေးပို့နိုင်စွမ်းရှိပါတယ်။ ဒီအချက်တွေက အသင်းအတွက် ကျွန်တော် ပံ့ပိုးပေးနိုင်တဲ့ အပိုဆုတွေဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်က ရှေ့တက်ပြီး တားဆီးရမှာမကြောက်တတ်သလို လိုအပ်ရင် အဲလိုလုပ်ဖို့ တွေဝေနေမယ့် သူမျိုးမဟုတ်ပါဘူး။ ကျွန်တော်ကစားခဲ့သမျှ လိဂ်တွေတိုင်းက ပင်နယ်တီဧရိယာထဲမှာ ကြမ်းတမ်းပြီး ထိမ်းချုပ်ရခက်ခဲတတ်တဲ့ စတိုင်မျိုးတွေနဲ့ပါ။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် လဲပြိုသွားခဲ့ရင်တောင်မှ နာကျင်နေဖို့ထက် အမြန်ဆုံးပြန်ထနိုင်ဖို့ လိုအပ်တဲ့ ပြိုင်ပွဲတွေပေါ့” လို့လည်း ဆိုသွားခဲ့ပါတယ်။

တန်းဆင်းအသင်းတွေမှာ ၂ ရာသီဆက်တိုက်ကစားခဲ့တဲ့ ရမ်းစ်ဒေးလ်ရဲ့ စွမ်းဆောင်ရည်အပေါ် အာဆင်နယ်ပရိတ်သတ်တစ်ချို့က သံယသဖြစ်နေကြပေမယ့် သူ့ရဲ့ ပြောဆိုချက်တွေကိုတော့ ပရိတ်သတ်တွေက သဘောကျနှစ်သက်နေကြပြီး ကီယန် တီယာနီလို ကစားသမားမျိုး နောက်ထပ် ထပ်တိုးလာခဲ့ပြီလို့ ဆိုနေကြပါတယ်။

ကျွမ်းကျင်သူတွေကတော့ ရမ်းစ်ဒေးလ်ဟာ နည်းပြအာတီတာရဲ့ ခံစစ်ကနေ ကစားကွက်စတင်တဲ့ နည်းလမ်းနဲ့ကိုက်ညီမှုရှိပြီး လက်စွမ်းလည်းတကယ်ကောင်းမွန်သူဖြစ်ကြောင်း ထောက်ခံပြောဆိုနေကြပါတယ်။

Source: talkSPORT

Leave a Reply