အာဆင်နယ်ကို ခရွန်ကီ ရောင်းထုတ်တော့မှာလား

ထိပ်တန်းဘဏ္ဍာရေးကျွမ်းကျင်သူ ကီယန် မက်ဂွိုင်းယားက အာဆင်နယ်အသင်းရဲ့ ပိုင်ရှင် စတန် ခရွန်ကီဟာ စိတ်ဝင်စားဖွယ်ရာ ကမ်းလှမ်းချက်မျိုး ရရှိလာခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းကို သေချာပေါက် ရောင်းချလိမ့်မယ်လို့ ပြောဆိုလာပါတယ်။

ခရွန်ကီတစ်ယောက် အာဆင်နယ်ကို ရောင်းထုတ်ဖို့ဆိုရင် ငြင်းဆိုနိုင်စွမ်းမရှိလောက်အောင်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကမ်းလှမ်းချက်မျိုးနဲ့ ကမ်းလှမ်းဖို့တော့လိုအပ်လိမ့်မယ်လို့ လက်တလောမှာ အာဆင်နယ်အသင်းကို ဝယ်ယူဖို့ ကြိုးပမ်းနေတဲ့ ဒန်နီယယ် အက်ခ်ကို မက်ဂွိုင်းယားက သတိပေးစကားဆိုခဲ့ပါတယ်။

ဆွီဒင်ဘီလီယံနာ ဒန်နီယယ် အက်ခ်ဟာ သူ့ကိုယ်ပိုင်ငွေကြေးနဲ့ ဘဏ်ချေးငွေတွေကို အသုံးချပြီး အာဆင်နယ်အသင်းကို ဝယ်ယူဖို့ ကြိုးပမ်းနေသူဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက ပေါင် ၁.၈ ဘီလီယံနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ငြင်းဆန်ပါယ်ချခြင်းခံထားရပါတယ်။

ဒါနဲ့ပက်သက်ပြီး မက်ဂွိုင်းယားက “လုပ်ငန်းအတွက် ငွေစကားကြေးစကားပြောဆိုမှုတွေ ရှိနေပါတယ်။ ခရွန်ကီနဲ့ ခုလိုပြောဆိုမှုတွေ ရှိနေပါတယ်။ တကယ်လို့များ ဒန်နီယယ် အက်ခ်ဘက်က ငြင်းဆိုဖို့ခက်ခဲတဲ့ ကမ်းလှမ်းမှုတစ်ခုပဲ ကမ်းလှမ်းကြည့်ပါ။ ခရွန်ကီ ဘက်က လက်ခံပါလိမ့်မယ်။ ခရွန်ကီက စီးပွားရေးသမားစစ်စစ်ပါ။ တန်ဖိုးကိုနားလည်ပြီး ဈေးနှုန်းနဲ့ အချိန်အခါကို ချိန်ဆနိုင်သူပါ။ ဒန်နီယယ် အက်ခ်ရဲ့ အစောပိုင်းကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့တာက ခရွန်ကီ ဘယ်လိုတွေးတယ်ဆိုတာကို နားမလည်တာကြောင့်ပါ။ အက်ခ်ဘက်ကသာ စီးပွားရေးသမားတစ်ယောက်လို ပြုမူပြီး ချဉ်းကပ်မယ်ဆိုရင် ခရွန်ကီဘက်က လက်ခံမှာ သေချာပါတယ်” လို့ Football Insider ကို ပြောဆိုသွားပါတယ်။

ဒါ့အပြင် မက်ဂွိုင်းယားက ဒန်နီယယ် အက်ခ်ရဲ့ အာဆင်နယ်ကို ဝယ်ယူဖို့ ချဉ်းကပ်တဲ့ပုံစံဟာ ပိုပြီးစီးပွားရေးသမားဆန်သင့်တယ်လို့ ထောက်ပြသွားခဲ့ပြီး အသင်းသားဟောင်းတွေနဲ့ ပရိတ်သတ်တွေရဲ့ ထောက်ခံချက်တွေက အင်္ဂလန်မှာတောင် ရှိမနေတဲ့ ခရွန်ကီကို ဘာဖိအားမှပေးနိုင်မှာမဟုတ်ဘူးလို့ ဆိုသွားပါတယ်။

“အက်ခ်မှာ အွန်နရီနဲ့ ဘားကမ့်ပ်တို့လို သံတမန်တွေရှိပြီးတော့ နောက်ကွယ်က လှုပ်ရှားမှုတွေက ကောင်းမွန်ပါတယ်။ ဒါပေမယ့် သူတို့က ပရိတ်သတ်တွေကိုပဲ ဆွဲဆောင်နိုင်မှာပါ။ အသင်းကိုရောင်းမယ့်သူက ပရိတ်သတ်တွေမဟုတ်ပါဘူး။ ထင်ရှားသူတွေရဲ့ ထောက်ခံချက်တွေက ပိုက်ဆံဖြစ်လာမှာမဟုတ်ပါဘူး။ စီးပွားရေးသမားတွေက အရာရာကို ငွေကြေး၊ တန်ဖိုး၊ အလားအလာတွေနဲ့ပဲ ဆုံးဖြတ်ကြတယ်ဆိုတာ မမေ့ဖို့လိုအပ်ပါတယ်” လို့ မက်ဂွိုင်းယားက သတိပေးခဲ့ပါတယ်။

Source: Football Insider

Leave a Reply