အာဆင်နယ်ကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့ လာကာဇက်

အာဆင်နယ်အသင်းက အသက် ၃၀ အရွယ် ပြင်သစ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ဟာ အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ စပိန်သတင်းဌာန Fichajes နဲ့ ဗြိတိန်သတင်းစာ Express တို့က ဖော်ပြလိုက်ပါတယ်။

အဆိုပါသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ စာချုပ်သက်တမ်း ၈ လသာကျန်ရှိတော့တဲ့ ပြင်သစ်တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းဘက်က ကမ်းလှမ်းလာမယ့် ဘယ်စာချုပ်သစ်ကမ်းလှမ်းချက်ကိုမဆို ငြင်းဆန်ပါယ်ချသွားမှာဖြစ်ပြီး ရာသီကုန်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ပြင်သစ်တိုက်စစ်မှူး လာကာဇက်ဟာ လက်တလောမှာ အာဆင်နယ်အသင်းရဲ့တိုက်စစ်မှာ အူဘာမီယန်းနဲ့တွဲဖက်ကာ ခြေစွမ်းပြသနိုင်နေသူဖြစ်တာမို့ အာဆင်နယ်အသင်းပရိတ် အချို့ကတော့ သူ့ကို အသင်းမှာ ဆက်ရှိနေဖို့ အလိုရှိနေကြတာပါ။

ဒါပေမယ့်လည်း ကာယကံရှင်ကတော့ အသင်းမှာ ပုံမှန်ပွဲထွက်ကစားရတဲ့ အရေအတွက် နည်းပါးနေတဲ့အပြင် အာဆင်နယ်အသင်းကိုယ်တိုင်က စာချုပ်သစ်အတွက် စိတ်အားတက်ကြွစွာ ချဉ်းကပ်စည်းရုံးတာမျိုး ခုချိန်အထိ ပြုလုပ်လာခြင်းမရှိသေးတာမို့ ခုလိုမျိုး အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ချက်ခဲ့တာပါ။

၂၀၁၇ ခုနှစ်တုန်းက ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်းနဲ့ လီယွန်အသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ လာကာဇက်ကို ခုချိန်မှာ ခေါ်ယူဖို့ ကလပ်အသင်းအမြောက်အများက စိတ်ဝင်စားနေကြပြီး နယူးကာဆယ်၊ ဝက်စ်ဟမ်း၊ အက်သလက်တီကို၊ ဆီဗီလာ၊ ရိုးမားနဲ့ အေစီမီလန်တို့က အတက်ကြွဆုံးဖြစ်နေပါတယ်။

Source: Fichajes, Express

Leave a Reply