အာဆင်နယ်ကို အကျိုးဖြစ်ထွန်းစေမယ့် ဘန်ဝှိုက်ရဲ့ အားသာချက် ၂ ချက်

ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ တိုနီ ကက်စကာရီနိုက အာဆင်နယ်အသင်း ဘန်ဝှိုက်ကို ခေါ်ယူနိုင်ခဲ့တာကြောင့် ကြီးမားတဲ့အကျိုးကျေးဇူး ၂ ခုကို ပိုင်ဆိုင်ခွင့်ရလိမ့်မယ်လို့ သုံးသပ်ပြောဆိုသွားပါတယ်။

talkSPORT သတင်းဌာနရဲ့ သုံးသပ်သူလည်းဖြစ်တဲ့ ကက်စကာရီနိုက ဘန်ဝှိုက်ဟာ ခြေစွမ်းတည်ငြိမ်မှုရှိပြီး တိုက်ရည်ခိုက်ရည်ပြည့်ဝတဲ့ကစားသမားဖြစ်တယ်လို့ဆိုခဲ့ကာ အဆိုပါအချက်တွေဟာ အာဆင်နယ်အသင်း အမှန်တကယ်လိုအပ်နေတဲ့ အချက်တွေဖြစ်တယ်လို့လည်း ဆိုသွားခဲ့ပါတယ်။

“ဘန်ဝှိုက်က လိဒ်စ်နဲ့ရော ဘရိုက်တန်နဲ့ပါ တကယ်ကောင်းတဲ့ရာသီတွေကို ဖြတ်သန်းခဲ့ရပါတယ်။ အာဆင်နယ်အတွက်တော့ တကယ်ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်ပါတယ်။ သူက ခြေစွမ်းတည်ငြိမ်ပြီး တိုက်ရည်ခိုက်ရည်ပြည့်ဝတဲ့ ကစားသမားပါ။ အာဆင်နယ်အသင်းလိုအပ်နေတဲ့ ကစားသမားအစစ်ပါပဲ။ ပြီးတော့ ဘန်က နေရာစုံပြောင်းရွှေ့ကစားနိုင်စွမ်းလည်းရှိပါတယ်။ ကျွန်တော့်အထင် အာတီတာကတော့ သူ့ရဲ့ ခေါ်ယူမှုအတွက် ဒီရာသီသစ်မှာ စိတ်လှုပ်ရှားပျော်ရွှင်နေမယ်ထင်ပါတယ်” လို့ ကက်စကာရီနိုက ပြောဆိုသွားပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းအနေနဲ့ ဘန်ဝှိုက်ကို ခေါ်ယူနိုင်ခဲ့တာဟာ သူ့ကို အသည်းအသန်အလိုရှိနေတဲ့ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ငွေကြေးမပြည့်စုံမှုကြောင့်ဖြစ်တယ်လို့လည်း ကက်စကာရီနိုက ထောက်ပြသွားခဲ့ပါသေးတယ်။

“လိဒ်စ်နည်းပြ မာဆယ်လို ဘီယဲဆာက ဘန်ဝှိုက်ကို အရမ်းလိုချင်ခဲ့တာပါ။ ဒါပေမယ့် သူတို့ မတတ်နိုင်ခဲ့ရတာကြောင့် လက်လွှတ်ခဲ့ရပါတယ်။ သူတို့ အာဆင်နယ်လိုမျိုး ပေါင် သန်း ၅၀ မပေးနိုင်ခဲ့ပါဘူး။ သူတို့ ချန်ပီယံရှစ်ကနေ တန်းတက်လာချိန်တုန်းကလည်း ပေါင် သန်း ၃၀ မပေးချေနိုင်လို့ လက်လွှတ်ခဲ့ရတာပါ” လို့လည်း သူကဆိုသွားပါသေးတယ်။

အသက် ၂၃ နှစ်အရွယ် အင်္ဂလိပ် ဗဟိုနောက်ခံလူ ဘန်ဝှိုက်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲမှာပဲ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပထမဆုံး ပါဝင်ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ နှစ်သက်မှုကို ခံနေရသူလည်းဖြစ်ပါတယ်။

Source: talkSPORT

Leave a Reply