အာဆင်နယ်က ဘာကြောင့် ရှာခါကို စာချုပ်သစ်ချုပ်ဆိုဖို့ အသည်းအသန် စီစဉ်လာတာလဲ

အပြောင်းအရွှေ့ရာသီတစ်လျှောက်လုံး ရိုးမားအသင်းထံ ပြောင်းရွှေ့ဖြစ်ဖို့ နီးစပ်နေကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ ဂရာနစ် ရှာခါဟာ အမ်းမရိတ်မှာ ကာလရှည်ဆက်ရှိနေဖို့ အကြောင်းဖန်လာခဲ့ပြီဖြစ်ပါတယ်။

နည်းပြအာတီတာကိုယ်တိုင်က ရှာခါတစ်ယောက်အသင်းမှာ ဆက်ရှိနေမှာဖြစ်ကြောင်း အတည်ပြုခဲ့သလို ထိပ်တန်းမီဒီယာတွေကလည်း အာဆင်နယ်အသင်းဟာ ဆွစ်ဇာလန်သားကို ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့ အလျှင်အမြန်စီစဉ်နေကြောင်း အခိုင်အမာဆိုနေကြပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက်နဲ့ ယူရို ၂၀၂၀ တို့မှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ထုတ်ပြနိုင်ခဲ့တဲ့ ရှာခါကို တစ်နှစ်လုပ်ခ ပေါင် ၁၀.၂၆ သန်း (+အပိုဆုကြေး ပေါင် ၂.၅၇ သန်း) နဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆိုတော့မှာဖြစ်တယ်လို့ ထိပ်တန်းသတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း အတည်ပြုထားပါတယ်။

ဂန်းနားတွေအနေနဲ့ ရှာခါကို ရောင်းချဖို့ စီစဉ်ခဲ့ပြီးတော့မှ ခုလိုမျိုးစိတ်ပြောင်းလဲသွားတာဟာ ကာယကံရှင်ရဲ့ ယူရိုပြိုင်ပွဲက ခြေစွမ်းနဲ့ အစားထိုးကစားသမား ရှာဖွေရခက်ခဲနေတာတွေကြောင့်ဖြစ်တယ်လို့ ရိုမာနိုက သုံးသပ်ထားပါတယ်။

ရှာခါကို ခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းခဲ့တဲ့ ရိုးမားအသင်းဟာ အဆိုပါကစားသမားအတွက် ပေါင် ၁၅ သန်းသာ ပေးချေလိုခဲ့ပြီး အာဆင်နယ်အလိုရှိတဲ့ ပေါင် သန်း ၂၀ ပေးချေဖို့ကို အတင်းအကန်ငြင်းဆန်ခဲ့ပါတယ်။ တဖက်မှာလည်း အာဆင်နယ်အသင်းအနေနဲ့ ရှာခါနေရာကို အစားထိုးဖို့ ကစားသမားသစ်ရှာဖွေခဲ့ရာမှာ ပေါင် သန်း ၄၀ နီးပါးအကုန်အကျခံမှ အရည်အသွေးမြင့်ကစားသမားမျိုး ပြန်လည်ရရှိနိုင်မယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါကြောင့်လည်း ဂန်းနားတွေဟာ ရှာခါကို ရောင်းချဖို့ထက် အသင်းမှာဆက်လက်ထိမ်းသိမ်းဖို့ ပိုမိုအာရုံစိုက်လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဆွစ်ဇာလန်သားကို အသင်းမှာဆက်လက်ထိမ်းသိမ်းဖို့ တွန်းအားပေးနေတဲ့ ဒုတိယအချက်ကတော့ ရှာခါရဲ့ စွမ်းဆောင်ရည်ကြောင့်ပဲဖြစ်ပါတယ်။

ရှာခါဟာ ယမန်နှစ်ရာသီတုန်းက အာဆင်နယ်အသင်းအတွက် ၄၁ ပွဲအထိပါဝင်ကစားပေးခဲ့ပြီး တစ်ပွဲကို ပျမ်းမျှ ၁.၆ ကြိမ် အောင်မြင်အောင် ဖျက်ထုတ်နိုင်ခဲ့သလို ဘောလုံးပေးပို့မှုကလည်း တစ်ပွဲကို ပျမ်းမျှ ၇၀.၆ ကြိမ်အထိရှိခဲ့ပါတယ်။ ဘောလုံးပေးပို့ချက် အောင်မြင်မှုကလည်း ၉၀.၂% ပါ။ ဒီစွမ်းဆောင်ရည်တွေဟာ တစ်သင်းလုံးမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေဖြစ်ပါတယ်။ ဒါ့အပြင် ရှာခါရဲ့ ကွင်းလယ်ကျောမှာ ဘောလုံးဆယ်ယူပြီး ကစားကွက်ပြန်လည်စတင်နိုင်စွမ်းကလည်း ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းစာရင်းမှာ ပါဝင်နေပြန်ပါတယ်။

ဒီလိုစွမ်းဆောင်ရည်မျိုးတွေကြောင့် ရှာခါတစ်ယောက် အသင်းမှာ ဆက်ရှိနေတာဟာ အကျိုးယုတ်မယ့် ကိစ္စမျိုးဖြစ်လာမှာမဟုတ်ပဲ အာဆင်နယ်အသင်းတာဝန်ရှိသူတွေက ယူဆလာခဲ့ကြပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်လာတာလည်းဖြစ်ပါတယ်။

Source: Romano, Give Me Sport

Leave a Reply